မန်စီးတီးရဲ့ ဆုဖလားပြိုင်ဆိုင်မှုတွေမှာ အရေးပါလှတဲ့ အသင်းသားကို ဂွာဒီယိုလာ ထုတ်ဖော်
မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ နိုင်ငံတကာသီတင်းပတ် အဝင်မှာပဲ ကလပ်ရဲ့ လက်ရှိ အခြေအနေကို မြင့်တင်ပေးဖို့ရာအတွက် ဆုဖလားပြိုင်ပွဲစုံမှာ ရှိနေခြင်းကို ဂုဏ်ယူကြောင်း စကားတွေ ထုတ်ပြောလာတယ်။
ဒါ့အပြင် ဂွာဒီယိုလာကပဲ နောက်ဆုံး ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်အဖြစ် အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ဆောက်သမ်တန်ကို အနိုင်ရစဉ် ထပ်ပြီးတော့ ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ တိုက်စစ်သမား စတာလင်ကိုလည်း ချီးကျူးခဲ့ပါတယ်။ တိုက်စစ်မှူးဟာ အဖွင့်ဂိုး သွင်းယူခဲ့သလို သူ့ရဲ့ လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ တိုက်စစ် အရည်အသွေးကို ပြသခဲ့ပြီး ပြိုင်ဘက် ခံစစ်ကို ပြဿနာတွေ အများကြီး ပေးခဲ့ပါတယ်။
နွေတုန်းက အသင်းကနေ ထွက်ခွာမယ်လို့ သတင်းကြီးခဲ့သလို ဘောလုံးရာသီမှာ တောက်လျှောက် ရုန်းကန်ရမှုတွေ ရှိခဲ့တဲ့ စတာလင်နဲ့ ပတ်သက်လို့ သူ့ရဲ့ စိတ်ဓာတ်နဲ့ အရည်အသွေးက ချီးကျူးခံရဖို့ ထိုက်တန်တယ်လို့ ဂွာဒီယိုလာက ထင်မြင်နေတာပါ။
“ ရာဟင်က အကောင်းဆုံး အရာတွေနဲ့ ထိုက်တန်ပါတယ်။ ဒီရာသီတွေမှာ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အရာတွေက သူမရှိဘဲနဲ့ ဖြစ်လာနိုင်ဖို့ မရှိပါဘူး။ သူက အရေးပါတဲ့ ကစားသမား တစ်ယောက်ပါ။ စီးတီးနည်းပြဘဝ ၆ ရာသီအတွင်း ကျွန်တော့်ရဲ့ တိုက်စစ်မှာ ဒီလောက်ထိ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်တာမျိုး တစ်ကြိမ်မှ မရှိဖူးပါဘူး။
ဂျေးဆုကလည်း ထိပ်တန်းကစားသမားဖြစ်ပြီး ဖန်တီးမှုတစ်ကြိမ် လုပ်ပေးခဲ့တယ်။ ပင်နယ်တီ ရခဲ့တယ်။ ဒါပေမယ့် တခါတလေ လူစာရင်းမှာ သူ့ကိုလည်း မရွေးမိပါဘူး။
စတာလင်က တကယ်ကို ကောင်းကောင်းကစားနေခဲ့တဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ သူက ပြိုင်ဘက်ခံစစ်ဇုန်ထဲမှာ ဝင်ရောက်ကစားဖို့ သိပ်ကို ထက်သန်တက်ကြွသူဖြစ်ပြီး အမြဲတမ်း ဖန်တီးမှုတွေ လုပ်ပေးခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေအတွက် ကျွန်တော် အရမ်းကျေနပ်ပါတယ် ” လို့ ဂွာဒီယိုလာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းထက် တစ်မှတ်အသာမှာ ရှိနေသလို ပွဲစဉ်ဇယားအရလည်း ပိုမို လွယ်ကူတဲ့ အခြေအနေဖြစ်တယ်။ အိမ်ကွင်းမှာ လီဗာပူးကို ရင်ဆိုင်ချိန် သရေရလဒ် ရယူပြီး အခြား ၈ ပွဲကို အနိုင်ရတာနဲ့ နောက်ဆုံး ၅ ရာသီအတွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကိုအနိုင်ရမှာဖြစ်တယ်။
အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာလည်း လီဗာပူးအသင်းနဲ့ ထိပ်တိုက်တွေ့နေကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာတော့ လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။