စီးတီးအသင်းသား တစ်ဦးကြောင့် မန်စီးတီးက ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ်လို့ သုံးသပ်မှု

ရာသီနောက်ဆုံး ၉ ပွဲမတိုင်ခင် လိဂ်ဦးဆောင်သူ နှစ်သင်းကြား ၁ မှတ်ပဲ ကွာပေမယ့် ရာသီကုန်မှာတော့ မန်စီးတီးဟာ လီဗာပူးကို ၁၀ မှတ်အသာနဲ့ ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ဖလား အောင်မြင်လိမ့်မယ်လို့ တစ်ပေးမှု ထွက်လာပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ ဧပြီ ၁၀ ရက်နေ့ လီဗာပူးနဲ့ပွဲ အပါအဝင် ရာသီကုန်အထိ ပွဲအားလုံးကို အနိုင်ယူနိုင်မှာဖြစ်ကြောင်းနဲ့ အဲ့လို နိုင်ပွဲတွေအတွက် ကွင်းလယ်လူ ဒီဘရိုင်းက အဓိကနေရာကနေ ပါဝင်လိမ့်မယ်လို့ အာဆင်နယ်ဂန္တဝင် ပေါလ်မာဆန်က ယုံကြည်နေတာပါ။

စီးတီးနဲ့ လီဗာပူးတို့ဟာ နောက်လ အီသီဟဒ်ကွင်းမှာ ထိပ်တိုက်တွေ့ဆုံကြမှာဖြစ်တယ်။ ကလပ်နှစ်သင်းဟာ ရမှတ်ကွာဟမှု သိပ်ကျဉ်းမြောင်းနေပေမယ့် ၅ နှစ်အတွင်း စီးတီးရဲ့ လေးကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုရအောင် ဒီဘရိုင်းက အဓိက ကူညီပေးနိုင်တယ်လို့ မာဆန်က ယုံကြည်နေပါတယ်။

“ မန်စီးတီးက အီသီဟဒ်မှာ လီဗာပူးကို အနိုင်ရရင် ၁၀ မှတ်အသာနဲ့ လိဂ်ဖလား အောင်မြင်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက ဒီဘရိုင်းအပေါ် မူတည်တယ်။ ဒီဘရိုင်းက ရာသီကုန် မတိုင်ခင်အထိ ကောင်းကောင်း ကစားရင် သူတို့တွေ အေးအေးဆေးဆေးနဲ့ ဖလားရမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အရာအားလုံးကို ပေါင်းစည်း ချိတ်ဆက်ပေးသူမို့ပါ။

ဒီဘရိုင်းက လူတိုင်း ပါဝင်ကစားနိုင်အောင် ပွဲကို ထိန်းကျောင်းပေးတယ်။ ပက်ဂွာဒီယိုလာရဲ့ အသင်းရွေးချယ်ပုံကလည်း ဖလားပြိုင်ပွဲမှာ အရမ်း အရေးပါတယ်လို့ ထင်ပါတယ် ” လို့ ပေါလ်မာဆန်က ဆိုပါတယ်။

စီးတီးဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဂိုးမရှိသရေကျခဲ့ပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုမှာ အရှိန်လျော့သွားခဲ့တာပါ။ အခု လီဗာပူးဟာ ၂၀၁၉-၂၀ ရာသီမှာ သူတို့ရယူခဲ့တဲ့ ဖလားကို ထပ်မံအောင်မြင်ဖို့ အနီးကပ် ဖိအားပေးလာနေပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာ ပေါက်ကရ လုပ်မှသာ စီးတီးတို့ ဖလားဆုံးရှုံးနိုင်တာဖြစ်တယ်လို့ မာဆန်က ယုံကြည်နေပါတယ်။

“ တခါတလေ ပက်က သူ့ကိုယ်သူ သိပ်ပြီး ရှုပ်ထွေးအောင် လုပ်တတ်တယ်လို့ ကျွန်တော် ထင်တယ်။ အရင်နှစ်က ချန်ပီယံလိဂ်ဖိုင်နယ်မှာ သူ့အသင်း လူစာရင်းကို ရွေးချယ်ခဲ့သလိုပေါ့။ အလုပ်ဖြစ်ရင်တော့ ကောင်းပေမယ့် အလုပ်မဖြစ်ရင် မေးခွန်းထုတ်စရာတွေ ရှိလာတယ်။

အသင်းက ဖိအားတွေ ရှိလာတဲ့အခါ ဂွာဒီယိုလာက ထူးထူးဆန်းဆန်း ဆုံးဖြတ်ချက်တွေ ချမိလာရော။ အဲ့ဒါက စီးတီးအတွက် မကောင်းတဲ့ လက္ခဏာတစ်ခု ဖြစ်ခဲ့တာပါ ” လို့ မာဆန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။