မန်စီးတီးရဲ့ တစ်ပတ် ပေါင် ၅သိန်း လုပ်ခနဲ့ ကမ်းလှမ်းမှုကို တုန့်ပြန်လိုက်ပြီ ဖြစ်တဲ့ ဟာလန်း

ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှုး အာလင်းဟာလန်းဟာ မန်စီးတီးရဲ့ တစ်ပတ် လုပ်ခ ပေါင် ၅သိန်းနဲ့ မက်လောက်ဖွယ် ကမ်းလှမ်းမှု ရရှိထားတာကို ငြင်းပယ်သွားခဲ့ပြီ လို့သိရပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မန်ချက်စတာစီးတီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်ခဲ့ပြီးမှ အခုလို ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးအသင်းဘက်ကတော့ ဟာလန်း ပြောင်းရွှေ့ လာဖို့အတွက်ကိုတော့ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဖော်ပြလာခဲ့ပါတယ်။

အသက်(၂၁)နှစ်အရွယ်ရှိ နော်ဝေလက်ရွေးစင် ဟာလန်းဟာ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့လာခဲ့စဉ်ကတည်းက သူရဲ့စာချုပ်ထဲမှာ ထည့်သွင်းထားခဲ့တဲ့ ပေါင်(၆၄)သန်းတန် စာချုပ်လျော်ကြေးက လာမယ့်နွေဈေးကွက်မှာ စတင်သက်ရောက်တော့မှာဖြစ်လို့ ကလပ်အသင်း အများအပြားက ဟာလန်းကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ မန်စီးတီးအသင်းလည်း ပါဝင်နေပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ မန်စီးတီးရဲ့ ကမ်းလှမ်းမှုတွေက ဟာလန်းအတွက် လက်ခံသွားနိုင်ဖွယ် မရှိသေးပဲ ဖြစ်နေရတယ်လို့ သိရပါတယ်။

စပိန်အခြေစိုက် AS သတင်းစာရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ ဟာလန်းရဲ့အေးဂျင့် ရွိုင်းအိုလာနဲ့ ဟာလန်းရဲ့ဖခင်တို့ကို ကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ရပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။ ဒီအခြေအနေတွေက အရမ်းအတိအကျ မဟုတ်သေးတာကြောင့် ဟာလန်းအနေနဲ့ ပက် ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းဆီ ပြောင်းရွှေ့လာဖို့ကလည်း ဆက်လက်ရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဟာလန်းကို ရီးရဲလ်မက်ဒရစ် ဘာစီလိုနာ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့လို ဥရောပထိပ်သီး ကလပ် အသင်းကြီးတွေလည်း စိတ်ဝင်စားနေကြပေမယ့် သူ့ဖခင်ရဲ့ခြေရာကို လိုက်နင်းဖို့အတွက် ဖခင်ရဲ့အသင်းဟောင်း မန်စီးတီးကိုသာ ရွေးချယ်ဖို့က အခြေအနေများနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဟာလန်းကို ခေါ်ယူနိုင်ဖို့အတွက် မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့သာ အပြိုင်အဆိုင် ဖြစ်နေကြပြီး ရီးရဲလ်က ဟာလန်းထက် ဘာပေကိုသာ ဦးစားပေး ခေါ်ယူဖွယ်ရှိတဲ့အပြင် ဟာလန်းကိုလည်း ၂၀၂၃ခုနှစ်မှသာ ကမ်းလှမ်းဖို့ စီစဉ်နေတာပါ။

ဒါက မန်စီးတီးအတွက် ပိုမိုအလေးသာနိုင်တဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်ပေမယ့် ကစားသမားရဲ့ အေးဂျင့်ဘက်က တောင်းဆိုလာမယ့် တောင်းဆိုမှုတွေကို အကုန် လိုက်လျောရဖွယ် ရှိနေပါတယ်။