အင်္ဂလန်က သတင်းမီဒီယာတွေ၊ သုံးသပ်သူတွေ အကုန်လုံး မန်ယူဖန်တွေချည်းပဲ လို့ ပြောလိုက်တဲ့ အဂူရို
မန်စီးတီးတိုက်စစ်မှူးဟောင်း ဆာဂျီယို အဂူရိုက အင်္ဂလန်က တီဗီချန်နယ် သုံးသပ်သူတွေရော၊ မီဒီယာမှာ လုပ်နေသူ အားလုံးဟာ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေချည်းပဲလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
၂၀၁၂ခုနှစ်က ကျူပီအာကို ၃-၂ဂိုးနဲ့ အနိုင်ယူကာ ယူနိုက်တက်ကို ကျော်ပြီး ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ပွဲကို ပြန်ကြည့်ရင်း အဂူရိုက Twitch မှာ အင်္ဂလန်တွင် ယူနိုက်တက် ပရိသတ်များတဲ့အကြောင်း ပြောကြားကာ ခနဲ့သွားခဲ့တာ ဖြစ်ပါတယ်။
အဂူရိုက “အင်္ဂလန်မှာ ဘယ်လိုတွေရှိတယ်ဆိုတာ ခင်ဗျားတို့ မသိကြပါဘူး။ အင်္ဂလန်မှာ သတင်းထောက်တွေ၊ တီဗီချန်နယ်တွေ၊ အားလုံးက ယူနိုက်တက် ပရိသတ်တွေချည်းပါပဲ”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်း ဟာ ဘောလုံးတီဗီတွေမှာ အနားယူတွေတဲ့ ကစားသမားဟောင်းတွေ ရှိနေတာကြောင့် တီဗီလိုင်းတွေကို အုပ်စိုးထားတယ်လို့ ဆိုနိုင်ပါတယ်။
ဂယ်ရီ နဗီးလ်ဟာ စကိုင်းစပေါ့မှာ ထိပ်တန်း သုံးသပ်သူဖြစ်သလို BT Sportမှာ ပရီးမီးယားလိဂ်ပွဲတွေ ပြရင် အဓိက သုံးသပ်သူက သရဲဟောင်း ဖာဒီနန် ဖြစ်လေ့ရှိပါတယ်။
ရွိုင်ကိန်း၊ ပေါလ်စခိုးလ်နဲ့ ဟားဂရေ့ဗ်တို့ဟာလည်း စတူဒီယိုမှာ ပုံမှန်မြင်နေကြသူတွေပဲ ဖြစ်ပါတယ်။ အဂူရိုရဲ့ အသင်းဖော်ဟောင်း မီကာ ရစ်ချက်တစ်ဦးသာ မီဒီယာမှာ လုပ်ကိုင်နေတဲ့ ၁ဦးတည်းသော စီးတီးကစားသမားဖြစ်ပြီး ITVမှာ ဘောလုံးပွဲကြေညာသူလုပ်နေတဲ့ အာဆင်နယ် ဂန္တဝင် လီ ဒစ်ဆင်ကတော့ စီးတီးပရိသတ်တစ်ဦး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက နှလုံးအခြေအနေကြောင့် ဘောလုံးသမားဘဝမှ အနားယူလိုက်ရတဲ့ အဂူရိုဟာ ပရီးမီးယားလိဂ် စတုတ္ထမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ပါတယ်။ အဂူရိုဟာ စီးတီးအတွက် ၂၇၅ပွဲ ကစားပြီး ၁၈၄ဂိုး သွင်းခဲ့ကာ အီတီဟတ်မှာ လိဂ်ဖလား ၅လုံး ဆွတ်ခူးခဲ့ပါတယ်။