ဂွာဒီယိုလာ စတိုင် လိုက်ကစားနေလို့ အီတလီ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ကျရှုံးတာ ဆိုတဲ့ ကာပယ်လို
အီတလီ အသင်း ကမ္ဘာ့ဖလား ပလေးအော့ဖ်မှာ ကျရှုံးခဲ့တာက မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာရဲ့ ကစားပုံကို တုပ နေလို့ပဲ ဖြစ်တယ်လို့ ဖေဘီယို ကာပယ်လိုက ပြောဆိုလိုက်ပါတယ်။
အီတလီဟာ ကမ္ဘာ့ဖလား ပလေးအော့ဖ်ပွဲစဉ်မှာ မြောက်မက်ဆီဒိုးနီးယားကို အံ့အားသင့်ဖွယ် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် နှစ်နှစ်ဆက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။
ကာပယ်လို က အီတလီ အသင်း ဂွာဒီယိုလာ ကစားနည်းကို လိုက် အတုယူတာက မှားယွင်းနေတယ် လို့ ထောက်ပြလိုက်ပြီး ကလော့ပ်ရဲ့ ဖိအားပေး ကစားဟန်ကို ယူတာက ပို အဆင်ပြေမယ် လို့လည်း ယူဆနေပါတယ်။
“ အီတလီ ဘောလုံးကစားပုံက ၁၅ နှစ်လောက် ဂွာဒီယိုလာကို တုပခဲ့တာပါ။ တည့်မတ်တဲ့ ပေးပို့မှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ အားသာချက်တွေ ဘာမှမရှိခဲ့ဘူး။ စိန်ခေါ်မှုတွေလုပ်ဖို့ အလေ့အကျင့် မရှိဘူး။ ဒါကြောင့် သူတို့က ကလော့ပ်ရဲ့ ကစားနည်းကို လိုက်လုပ်သင့်တယ်။
အီတလီမှာ ကလော့ပ်လို လိုက် လုပ်တာ အတ္တလန္တာရှိတယ်။ သူတို့ရဲ့ ရလဒ်တွေကို ကြည့်ကြည့်ပါ။ ဂျာမန် နည်းလမ်းက အတုယူရမယ့် စံပါပဲ။ ကျွန်တော်တို့က စပိန်နည်းလမ်းတွေကို တုပနိုင်တဲ့ နည်းစနစ်မျိုး မရှိဘူး။
ဥရောပ ပြိုင်ပွဲမှာ မြင့်မားတဲ့ အရှိန်အဟုန် ရှိတယ်။ အဲ့ဒါနဲ့ ကျွန်တော်တို့က အသားမကျနေပါဘူး။ အဲ့ဒီ့လို မြန်မြန် ကစားနိုင်တဲ့ အီတလီ လူငယ်တွေ လုံလုံလောက်လောက် မရှိဘူး။ ဒါပေမယ့် အခြေခံမှာကိုက မှားယွင်းနေတာပါ။ ကျွန်တော်တို့က ဂိုးသမားဆီ နောက်ပြန်ပေးဆော့တဲ့ နိုင်ငံမျိုးပါပဲ။
တခါတလေ အချက်အလက်တချို့ကို ဖတ်ရတာ အံ့ဩစရာကောင်းတယ်။ ‘ဒီကစားသမားက ဘောလုံးပေးပို့မှု ၄၅ ကြိမ် လုပ်ခဲ့တယ်’ တဲ့။ အိုကေပါ။ ဒါပေမယ့် အဓိက ပေးပို့မှု ဘယ်နှကြိမ် ရှိခဲ့လဲ။ အဲ့ဒီ့ပေးပို့မှုတွေထဲက ဘယ်နှကြိမ်က အသုံးဝင်ခဲ့သလဲ”လို့ ကာပယ်လိုက ပြောဆို ထောက်ပြခဲ့ပါတယ်။