မန်စီးတီး နည်းပြဟောင်းကို အမြဲတမ်း နည်းပြအဖြစ် တာဝန်ပေးဖို့ တိုက်တွန်းခံရတဲ့ မန်ယူ
မန်ချက်စတာ ယူနိုက်တက်ဟာ ရန်းနစ်နေရာကို ဆက်ခံမယ့် အမြဲတမ်းနည်းပြတစ်ယောက် ရှာဖွေနေသလို သူတို့ရဲ့ ဆန်ကာတင် စာရင်းထဲမှာ မန်စီးတီးနည်းပြဟောင်း ရောဘတ်တို မန်ချီနီကို ထည့်သွင်းထားဖို့ တိုက်တွန်းခံခဲ့ရပါတယ်။
မန်ချီနီဟာ မနှစ်က နွေရာသီမှာ အီတလီကို ယူရို ၂၀၂၀ ဖလားရရှိစေခဲ့ပေမယ့် အဇူရီတို့ရဲ့ ကမ္ဘာ့ဖလားဝင်ခွင့် ကျရှုံးမှုအပြီး လက်ရွေးစင် နည်းပြနေရာမှာ ဆက်ရှိနေဖို့ မသေချာတော့တာပါ။ ဒါကပဲ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ အီတလီနည်းပြက အိုးထရက်ဖို့ဒ်ရဲ့ အလုပ်နဲ့ အံကိုက် ဖြစ်နေတာလို့ အင်္ဂလန်တိုက်စစ်သမားဟောင်း ဒါရင်းဘန့်က မြင်ပါတယ်။
ယူနိုက်တက်ဟာ အမြဲတမ်းနည်းပြသစ် စတင်ရှာဖွေခဲ့ကတည်းက အေဂျက်နည်းပြ အဲရစ်တန်ဟက်၊ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုတို့နဲ့ ချိတ်ဆက်မှု ရှိခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက်အနေနဲ့ မန်ချီနီကို ခေါ်ယူဖို့ ပစ်မှတ်ထားသင့်တယ်လို့ ဒါရင်းဘန့်က ထုတ်ပြောခဲ့တယ်။
“ သူက ဒီနိုင်ငံမှာ လုပ်နိုင်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ သူ့မှာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိတာ အရေးပါတယ်လို့ ထင်တယ်။ သူက ယူရိုမှာ အီတလီနဲ့အတူ ကြီးမားတဲ့ ဆုဖလားတစ်ခုကို အောင်မြင်ခဲ့တယ်။ ဒါကြောင့် အောင်မြင်မှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ မှတ်တမ်းကို မေးခွန်းထုတ်စရာ မလိုပါဘူး။
အောင်မြင်သူတစ်ယောက်ကို ရှာဖွေမယ်ဆိုရင် ဟိုဆေးမော်ရင်ညိုလည်း အောင်မြင်သူ ဖြစ်ခဲ့ပြီး ယူနိုက်တက်မှာ ကျရှုံးခဲ့တာပဲလို့ လာငြင်းကြလိမ့်မယ်။ သူက ယူနိုက်တက်အတွက် ဆုဖလားတွေ အောင်မြင်စေခဲ့ပေမယ့် အဆိုးရွားဆုံး အခြေအနေမှာ ကလပ်ကို ချန်ရစ်ထားခဲ့တယ်လို့ လူတွေက ပြောလိမ့်မယ် ” လို့ ဘန့်က ပြောပါတယ်။
၂၀၁၁-၁၂ ရာသီမှာ ဆာအဲလက်စ်ရဲ့ ယူနိုက်တက်ကို ကျော်ပြီး မန်စီးတီးအတွက် ပထမဆုံး ပရီးမီးယားလိဂ်ဖလား ရရှိစေခဲ့တာကြောင့် မြို့ခံပြိုင်ဘက်ဟောင်း မန်ချီနီကို ခေါ်ယူရေး ပရိသတ်တွေက လက်ခံဖွယ် မရှိပါဘူး။ ဒါပေမယ့် အဲ့ဒီ့ကိစ္စကြောင့်နဲ့ မန်ချီနီကို လုံးဝ မေ့ထားတာက မဖြစ်သင့်ဘူးလို့ ဘန့်က ဆိုပါတယ်။
“ သူက မန်စီးတီးကို ပထမဆုံး ပရီးမီးယားလိဂ်ဖလား အောင်မြင်စေခဲ့ပြီး ယူနိုက်တက်ကို လာတယ်ဆိုရင် အဲ့ဒါက ကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်လိမ့်မယ်။ ဒါပေမယ့် အရင်ကလည်း တခြားနည်းပြတွေ အဲ့လိုလုပ်ခဲ့တာပဲ”လို့ ဘန့်က ပြောဆိုခဲ့ပါတယ်။
မန်ချီနီဟာ အိုးထရက်ဖို့ဒ်ကလပ်အတွက် သိပ်ကို သင့်တော်တဲ့သူ ဖြစ်လိမ့်မယ်လို့ ချယ်ဆီးနောက်ခံလူဟောင်း ဂျေဆန် ကွန်ဒီကလည်း ပြောပါတယ်။
“ သူက အောင်မြင်သူတစ်ယောက်ပါ။ ဒါပေမယ့် လူတွေက ပြောလိမ့်မယ်။ ‘သူက မအောင်မြင်ပါဘူး။ အရင်ရက်ကပဲ အီတလီနဲ့ ကမ္ဘာ့ဖလား ဝင်ခွင့်ကျရှုံးခဲ့တာလေ’ ဆိုပြီးပေါ့။ ဒါပေမယ့် ကလပ်အဆင့်မှာ သူ့ရဲ့ နည်းပြမှတ်တမ်းကို ကြည့်လိုက်ရင် သူက အရာအားလုံး အောင်မြင်ခဲ့ပါတယ်။
ဖီအိုရင်တီးနား၊ လာဇီယိုနဲ့ ကိုပါ အီတာလီယာဖလား၊ အင်တာမီလန်နဲ့ စီးရီးအေဖလား ၃ လုံး၊ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တယ်။ ဘာလို့ မန်ချက်စတာ ယူနိုက်တက်က အောင်မြင်သူတစ်ယောက်ကို မလိုချင်ပဲနေမှာလဲ။ သူ့ကိုလည်း နည်းပြလောင်းစာရင်းထဲ ထည့်သင့်ပါတယ်။
ကိစ္စတွေက မှားယွင်းသွားရင် မြန်မြန်ပဲ အဆိုးဘက် ပြောင်းသွားနိုင်တယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် မန်ချီနီက ကမ္ဘာ့အဆင့် နည်းပြတစ်ယောက်ပါ။ သူ့ကို ရရင် မှန်ကန်တဲ့အလုပ်ကို လုပ်လိုက်တာပဲလို့ ထင်တယ်။ သူက ပိုလျင်မြန်တဲ့ အချိန်အတွင်း ဆိုးရှားထက် ပိုကောင်းတဲ့ အလုပ်ကို လုပ်ပြလိမ့်မယ်လို့ ယုံကြည်ပါတယ် ” လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။