ဝေါ်ကာ နေရာ မန်စီတီးရဲ့ ပစ်မှတ်ဟောင်းက ပီအက်စ်ဂျီနဲ့ အနာဂတ် မရေမရာဖြစ်လာ
ပီအက်စ်ဂျီဟာ ဂုဏ်သိက္ခာအကြီးမားဆုံး ဥရောပဆုဖလားကို ကိုင်မြှောက်ဖို့ဆိုတဲ့ ရည်မှန်းချက် ကျရှုံးခဲ့တဲ့နောက် အသင်းတွင်း ဂယက်တွေ ပိုကြီးလာခဲ့တယ်။ အခုဆိုရင် ညာအစွန်လူ ဟာကီမီဟာ ပီအက်စ်ဂျီမှာ မပျော်မရွှင် ဖြစ်နေတယ်လို့ ပြင်သစ်ဂျာနယ်လစ် ဒန်နီရယ် ရီယိုလိုက ပြောပါတယ်။
“ ဟာကီမီက ရူးတော့မှာပဲ။ တောင်အမေရိကသားတွေက သူ့ကို စကားမပြောကြတော့ဘူး။ သူက ပါရီကနေ ထွက်သွားချင်နေပြီ။ အသင်းထဲမှာ သူ့ရဲ့ အရည်အသွေးတွေကို ဘယ်တော့မှ ထုတ်မပြခဲ့ရဘူး။ ဒါကြောင့် သူ့ကို လက်လျှော့လိုက်ရမယ့်ပုံပဲ။
သူ့ရဲ့ တက်လိုက်ကျလိုက် ခြေစွမ်းကြောင့် ကျွန်တော် သူ့ကို ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီအသင်းမှာ သူက သူ့ရဲ့ အရည်အချင်းတွေကို ပြသဖို့ ရုန်းကန်နေရတယ်လို့ ပြောရမယ်။ ဒါကိုလည်း သူ ဒေါသထွက်နေပါတယ် ” လို့ ရီယိုလိုက ပြောဆိုခဲ့တာဖြစ်တယ်။
မိုရိုကို နောက်ခံလူက ပြီးခဲ့တဲ့နှစ်မှာ ပေါင် သန်း ၆၀ နဲ့ အင်တာမီလန်ကနေ ပီအက်စ်ဂျီထံ ရောက်လာခဲ့တာပါ။ သူဟာ မနှစ်က အင်တာမှာ တိုက်စစ်အားပြု ကစားရပြီး ကိုယ်တိုင် ၇ ဂိုးသွင်း၊ ၈ ဂိုး ဖန်တီးပေးခဲ့တယ်။ ဒါပေမယ့် လီဂူးဝမ်းမှာတော့ အဲ့ဒီ့ စွမ်းဆောင်ရည်တွေကို ထပ်တူပြသဖို့ ကျရှုံးနေခဲ့တယ်။
ဟာကီမီဟာ ပီအက်စ်ဂျီအတွက် ၂၃ ပွဲမှာ ၃ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီးပေးခဲ့ပေမယ့် ပိုချက်တီနို လက်အောက်မှာ ဘာကြောင့် သူ့ရဲ့ အကောင်းဆုံးပုံစံတွေ မမြင်ရလဲဆိုတာအတွက် မေးခွန်းထုတ်မှုတွေက မြင့်တက်လာနေတယ်။ အင်တာမှာ သူပြသခဲ့တဲ့ ခြေစွမ်းတွေအရ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးဟာ သူ့ကို စောင့်ကြည့်မှုတွေ ရှိထားခဲ့တာဖြစ်တယ်။
ဝါရင့် ညာအစွန်လူ ဝေါ်ကာရဲ့ နေရာမှာ ညာအစွန်လူ တစ်ဦး အစားထိုးဖို့ ရှာဖွေနေတဲ့ မန်စီးတီးဟာ ချယ်ဆီးအသင်း ရိစ်ဂျိမ်းကိုလည်း သဘောကျထားတာဖြစ်တယ်။ ဒါပေမယ့် ဟာကီမီကို ခေါ်ယူရေးက မန်စီးတီးအတွက်ပို ဖြစ်နိုင်မယ့် အပြောင်းအရွှေ့မျိုး ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းမှာ မတူညီတဲ့ အုပ်စုတွေကွဲနေပြီး တောင်အမေရိကသားတွေက တစ်ဖက် ပြင်သစ်စကားပြော အသင်းသားတွေကတစ်ဖက် ဖြစ်နေတာပါ။ ရီးရဲလ်မက်ဒရစ်နဲ့ အင်တာမီလန်ဟောင်း ကစားသမားဟောင်းဟာ ဒီနွေမှာ ပီအက်စ်ဂျီကနေ ထွက်ခွာမယ်ဆိုရင် ရွေးချယ်စရာ ကလပ် အများကြီးတော့ ရှိမနေတာ ဖြစ်ပါတယ်။