ဘယ်အစွန်အတွက် ပစ်မှတ်ကစားသမား ရှာတွေ့ခဲ့ကာ ဒီနွေမှာ ခေါ်ယူသွားမယ့် မန်စီးတီး

ဒီနွေမှာတော့ ဘယ်အစွန်လူနေရာကို အင်အားဖြည့်ရေးအတွက် မန်စီးတီးဟာ ခရစ္စတယ်ပဲလေ့စ်မှ တိုင်ရစ်ခ် မစ်ချဲကို ခေါ်ယူဖို့ စဉ်းစားနေကြောင်ဒ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

မစ်ချဲဟာ ဆဲဟက်စ်ပက်ခ်မှာ အထင်ကြီးစရာ အောင်မြင်တဲ့ ရာသီတစ်ခုကို ရရှိနေပြီး ဗီအဲရာ လက်အောက်မှာ ကြံ့ခိုင်သန်မာတဲ့ ပုံစံတွေ ပြသနေပါတယ်။ သူဟာ ဒီတစ်ရာသီလုံး လိဂ်ပွဲတွေမှာ ၈ မိနစ်သာ လွဲချော်ခဲ့သူဖြစ်ကာ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ဆွစ်ဇာလန်၊ အိုင်ဗရီကိုစ့်တို့နဲ့ ခြေစမ်းပွဲ မတိုင်ခင် ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာ ပထမဆုံးအကြိမ် ခေါ်ယူခံခဲ့ရပါတယ်။

အင်္ဂလန်အသင်းထံ မစ်ချဲကို ခေါ်ယူခဲ့ပြီးနောက် ဆောက်ဂိတ်က “သူ့ရဲ့ ခံစစ်ကစားပုံက သိပ်ကောင်းခဲ့ပါတယ်။ သူက လူတွေကို မြန်မြန် ဖြတ်ကျော်တတ်ပြီး ထိပ်တန်းပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲကြီးတွေမှာ ကောင်းကောင်း ကိုင်တွယ် ဖြေရှင်းခဲ့ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ပက်ဂွာဒီယိုလာရဲ့ စီးတီးဟာ သူ့ကို သတိပြုမိခဲ့ပြီး အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ဘယ်အစွန်လူ အသစ်တစ်ယောက် ရှာဖွေနေတဲ့ စီးတီးနည်းပြရဲ့ အပြောင်းအရွှေ့ ဆန်ကာတင် စာရင်းထဲ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မစ်ချဲကို စိတ်ဝင်စားနေတာက စီးတီး တစ်သင်းထဲ မဟုတ်ပဲ ချယ်ဆီး၊ စပါးနဲ့ နယူးကာဆယ်တို့လည်း ရှိနေပါတယ်။

မစ်ချဲဟာ သူ့ရဲ့ ပရိုဖိုင်ကို မြှင့်တင်ဖို့ ရည်မှန်းထားတာနဲ့အတူ ထိပ်တန်း ၆ သင်းထဲက ကလပ်တစ်ခုကို ပြောင်းရွှေ့ခွင့်က သူ့အတွက် ကြီးမားတဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်လာမှာပါ။ ဒါပေမယ့် ဒီရာသီမှာ ပဲလေ့စ်ကို အဆင့်မြှင့်တင်ပေးခဲ့ပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ရောက်ရှိစေခဲ့တဲ့ ဗီအဲရာရဲ့ ညွှန်ကြားမှုတွေအောက်မှာ ဆက်ကစားဖို့လည်း ပျော်ရွှင်နေတာ ဖြစ်ပါတယ်။

ပဲလေ့စ်ဟာ ထိပ်တန်း အရည်အသွေးရှိတဲ့ ကစားသမားတွေ မွေးထုတ်ပေးရာမှာ မှတ်တမ်းကောင်း တစ်ခု ရရှိထားပြီး အလားအလာရှိတဲ့ မစ်ချဲလို ကစားသမားကို ထွက်ခွာခွင့်ပေးရမယ် ဆိုရင် အတော်လေးများပြားတဲ့ ပမာဏကို တောင်းဆိုပါလိမ့်မယ်။