ရီးရဲလ်မက်ဒရစ်ကြောင့် မန်စီးတီးရဲ့ ပြိုင်ဘက်တွေ စိုးရိမ်စရာ အနေအထား ရင်ဆိုင်ရဖွယ်ရှိလာ

ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီမှာ သူတို့အသင်း ပုံစံကောင်းတွေ ရနေပေမယ့် လက်ရှိ မန်နေဂျာ အန်ဆယ်လော့တီနဲ့ လမ်းခွဲခဲ့ရင် ဆိုတဲ့ အခြေအနေအတွက် ကြိုတင် လျာထားမှုတွေ ပြုလုပ်နေပါတယ်။

အန်ဆယ်လော့တီ လက်အောက်မှာ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ရောက်နေသလို၊ လာလီဂါမှာလည်း ထိပ်ဆုံးကနေ ဦးဆောင်နေတာပါ။ ဒါပေမယ့်လို့ ဥက္ကဋ္ဌ ပီရက်ဇ်ကတော့ သူ့အသင်းအတွက် ပိုကောင်းတဲ့ အင်အားဖြည့်မှုတွေ လုပ်ဖို့မှာ မန်နေဂျာနေရာကိုလည်း လစ်လျူရှုထားခြင်း မရှိပါဘူး။

ရီးရဲလ်မက်ဒရစ်ဘက်က မန်နေဂျာနေရာအတွက် အမြဲတမ်း စောင့်ကြည့်နေပြီး ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ ချယ်ဆီးအသင်းတို့မှ ကလော့ပ်နဲ့ တူချယ်တို့ကို စိတ်ဝင်စားမှု ရှိပါတယ်။ ဒါ့အပြင် စပါးမန်နေဂျာဟောင်း ပိုချက်တီနို၊ ရီးရဲလ်မက်ဒရစ် အရံအသင်းနည်းပြ ရာအူးလ်နဲ့ ဆိုစီဒက် အရန်အသင်းနည်းပြ အလွန်ဆိုတို့ကိုလည်း လျာထားစာရင်းထဲ ထည့်ထားပါတယ်။

ယာဂင်ကလော့ပ်က ၂၀၂၄ မှာ လီဗာပူးကို စွန့်ခွာဖွယ်ရှိနေပြီး စာချုပ်သစ် သက်တမ်းတိုးဖွယ် မရှိပါဘူး။ ကလော့ပ်ဟာ ရုပ်ပိုင်းဆိုင်ရာရေ စိတ်ပိုင်းဆိုင်ရာအရပါ ထိပ်တန်းအဆင့်မှာ ရှိနေပေမယ့် စာချုပ် သက်တမ်းကုန်တဲ့အခါ လီဗာပူးကနေ ထွက်ခွာဖို့ စိတ်ကူးရှိတဲ့အကြောင်း ထုတ်ပြောထားသူဖြစ်တယ်။

“ လာမယ့် စိန်ခေါ်မှုတွေအတွက် ကျွန်တော့်မှာ လုံလောက်တဲ့ အင်အား ရှိနေဦးမလား ဆိုတာက အရေးကြီးပါတယ်။ ကျွန်တော် လုပ်နေတာကို ကျွန်တော် သဘောကျပါတယ်။ ဒါပေမယ့် အခြားကိစ္စတွေလည်း ရှိနေသေးတာကြောင့် စာချုပ်သစ်ကိစ္စကို ကျွန်တော် တကယ်ပဲ မစဉ်းစားသေးပါဘူး။

အခု ကျွန်တော် အင်အားအပြည့်ရှိနေပေမယ့် အနာဂတ်မှာ ဒီအတိုင်း ရှိနေပါ့မလားဆိုတာ သေချာအောင် လုပ်ဖို့လိုပါတယ် ” လို့ ကလော့ပ်က ပြောခဲ့တာပါ။

ချယ်ဆီးမန်နေဂျာ တူချယ်ကလည်း ရာသီကုန်ထိ လန်ဒန်ကလပ်မှာ ဆက်နေမှာဖြစ်ပေမယ့် အနာဂတ်အတွက်တော့ အာမခံချက် မပေးသေးပါဘူး။ ချယ်ဆီးဟာ လာမယ့်ရာသီမှာ ပိုင်ရှင်သစ်လက်အောက် ရောက်သွားတော့မှာဖြစ်ကာ ဂျာမာန်သားကတော့ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို အဓိက ယှဉ်ပြိုင်နေတာက လီဗာပူးနဲ့ ချယ်ဆီးတို့ ဖြစ်တာကြောင့် သူတို့ နှစ်သင်းထဲက တစ်သင်းသင်းရဲ့ မန်နေဂျာတွေ အသင်းပြောင်းခဲ့မယ်ဆိုရင် ဆုဖလား စိန်ခေါ်မှုတွေမှာ သက်ရောက်မှု ရှိလာမှာပဲ ဖြစ်ပါတယ်။