ပရီးမီးယားလိဂ် ဖလားကို မန်စီးတီး မရလောက်တော့ဘူး ဆိုတဲ့ နဗီးလ်နဲ့ ရမှာ ဆိုတဲ့ ရွိုင်ကိန်း
ဒီတစ်ပတ်မှာ ပြန်လည် စတင်တော့မယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ မတိုင်မီ မန်ယူ ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဂယ်ရီနဗီးနဲ့ ရွိုင်ကိန်းတို့က ပရီးမီးယားလိဂ် ဖလား ဘယ်အသင်း ရသွားနိုင်လဲ ပြောဆို ဆွေးနွေးခဲ့ကြရာ အမြင် မတူ ဖြစ်နေကြပါတယ်။
နဗီးလ်က လီဗာပူး ဖလား ယူသွားနိုင်တယ်လို့ သုံးသပ်သွားခဲ့ပြီး ရွိုင်ကိန်းကတော့ မန်စီးတီးပဲ ပရီးမီးယားလိဂ် ဖလား သိမ်းသွားမယ်လို့ ယုံကြည်နေပါတယ်။
နဗီးက “ ကျွန်တော် တစ်ရာသီလုံး မန်စီးတီးပဲ ဖလားရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ လီဗာပူးတို့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ မန်ယူနိုက်တက် ပရိတ်သတ်တစ်ဦး အနေနဲ့ ဒီလို ပြောရတာဟာ သိပ်မကောင်းပါဘူး။ သူတို့ ဒီရာသီမှာ နောက်ထပ် ဆုဖလားတွေ ရသွားမှာကို ကျွန်တော် တကယ် စိုးရိမ်မိပါတယ်။” လို့ ပြောသွားပါတယ်။
ဒါပေမယ့်လည်း ရွိုင်ကိန်းကတော့ နဗီးရဲ့ ခန့်မှန်းချက်ကို သဘောမတူခဲ့ဘဲ မန်စီးတီးကသာ အမှတ်ပေးဖလားကို ဆွတ်ခူး နိုင်လိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ကိန်းက ဂွာဒီယိုလာရဲ့ အတွေ့အကြုံဟာ လီဗာပူး အပေါ် အသာ ရအောင် လုပ်နိုင်လိမ့်မယ်လို့ ပြန်လည် ငြင်းခုန်ခဲ့ပါတယ်။
ရွိုင်ကိန်းက “ကျွန်တော်ကတော့ အမှတ်ပေးဖလားအတွက် မန်စီးတီးကိုပဲ ရွေးချယ်ထားဆဲပါ။ ခင်ဗျားတို့ဟာ ပက် ဂွာဒီယိုလာ အနေနဲ့ ဒီလို ပွဲကြီးပွဲကောင်းတွေနဲ့ ချန်ပီယံရှစ်တွေကို အနိုင်ရအောင် ဘယ်လို ကျော်ဖြတ်သွားရမလဲဆိုတာ မသိတဲ့ ပုံစံနဲ့ ပြောနေသလိုပါပဲ။
သူဟာ ဘယ်လောက်တောင် ထူးချွန်တဲ့ မန်နေဂျာ တစ်ဦး ဆိုတာ မမေ့ကြပါနဲ့။ ကျွန်တော် ကတော့ စီးတီးပဲ ဖလား ဆွတ်ခူးသွားမယ်လို့ ထင်နေဆဲပါ။” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။