ကစားရခက်တဲ့ ဘန်လေကို မန်စီးတီး ဘယ်လို ရင်ဆိုင်သွားမလဲ သုံးသပ်ခန့်မှန်းသွားတဲ့ ပေါမာဆန်
မန်စီးတီးအသင်းဟာ ဒီနေ့ စနေနေ့ညမှာ ဘန်လေ အသင်းကို ပရီးမီးယားလိဂ် ပွဲ အဖြစ် အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရတော့မှာပါ။ ဒီနှစ်သင်းဟာ စနေနေ့၊ ည ၈း၃ဝ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဘန်လေနဲ့ မန်စီးတီးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ဘန်လေ အိမ်ကွင်းက ကစားရခက်ပါတယ်။ ရုတ်တရက်ကြီး ဒါက မန်စီးတီးအတွက် မတူညီတဲ့ ပွဲတစ်ပွဲ ဖြစ်သွားပါတယ်။ လီဗာပူးက သူတို့ပွဲကို အနိုင်ယူမယ်လို့ ကျွန်တော် မျှော်လင့်ထားတာကြောင့် ဂွာဒီယိုလာရဲ့ အသင်းအနေနဲ့ သူတို့ရဲ့ ဇယားထိပ်နေရာကို ပြန်ရယူဖို့ အနိုင် ၃ မှတ် လိုအပ်ပါလိမ့်မယ်။
မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းလောက်အထိ ရရှိနိုင်မှာဖြစ်ပေမယ့် ဂိုးတွေသွင်းနိုင်မှာလား ကြည့်ရမှာပါ။ ပဲလေ့စ်နဲ့ ပွဲတုန်းကလိုမျိုး ပွဲကိုလွှမ်းမိုးထားပြီး အဆုံးအဖြတ်ပေးမယ့် ဂိုးတွေ မသွင်းနိုင်ခဲ့တာမျိုး ဖြစ်သွားနိုင်ပါတယ်။
တဖက်က ဘန်လေကလည်း ခံစစ်ကို လုံအောင် ကာကွယ်မှာဖြစ်ပြီး တည်ကန်ဘောတွေကနေ အခွင့်အရေးတွေ ရယူပါလိမ့်မယ်။ Turf Moor မှာ အေးစက်၊ လေထန်၊ မိုးကောင်းတဲ့ နေ့တစ်နေ့ ဖြစ်နိုင်တာကြောင့် စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်မှာပါ။
မန်စီးတီးဟာ ဂေဘရီရယ် ဂျေးဆုကို ရှေ့တန်းမှာ ထားကစားဖို့ ရွေးချယ်စရာရှိပေမယ့် ထပ်ပြီးတော့ False 9 တစ်ယောက်နဲ့ပဲ ကစားသွားလိမ့်မယ်လို့ ထင်ပါတယ်။ စီးတီးက အထောင်တိုက်စစ်သမား တစ်ဦးနဲ့ ကစားရင်တော့ လူကပ်စရာ တစ်ယောက်ယောက် လိုချင်တဲ့ ဘန်လေအတွက် ပြီးပြည့်စုံသွားစေမှာပါ။ ” လို့ ပေါမာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ် ကတော့ ဘန်လေ ဝ-၂ မန်စီးတီး ဖြစ်ပါတယ်။