ဘန်လေကို အေးဆေးလေး အနိုင်ယူပြီး လီဗာပူးထံက နံပါတ် တစ်နေရာ မန်စီးတီး ပြန်ယူ
ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ မှာတော့ မန်စီးတီးအသင်းဟာ ဘန်လေကို အဝေးကွင်း သွားကစားပြီး ၂-၀ ဆိုတဲ့ ရလဒ်ရယူကာ ဇယားထိပ်ကို ပြန်တက်ခဲ့ပါတယ်။
ဒီပွဲမတိုင်ခင် လီဗာပူးက ၂ နာရီခွဲ ကြိုကစားပြီး အနိုင်ရခဲ့တာကြောင့် စီးတီးရဲ့ အဆင့် ၁ နေရာကို ရယူထားတာပါ။ ဒါပေမယ့် ဒီဘရိုင်းရဲ့ အစောပိုင်း သွင်းဂိုးကပဲ ဘန်လေပွဲမှာ စီးတီးကို ခပ်လွယ်လွယ်နဲ့ နိုင်ပွဲတစ်ပွဲ ရစေခဲ့သလို ပွဲအပြီး ဇယားထိပ်ကို ပြန်ရောက်စေခဲ့ပါတယ်။
ဘန်လေနဲ့ ပွဲမှာ လူစုံနီးပါး ထုတ်သုံးခဲ့တာကို တွေ့ရပြီး ဂိုးသမား အီဒါဆန်၊ ဝေါ်လ်ကာ၊ ကန်ဆယ်လို၊ လာပေါ့တ်၊ အာကေတို့ကို ခံစစ်မှာ ထားခဲ့သလို ကွင်းလယ်နဲ့ တိုက်စစ်မှာတော့ ဂျေဆူးစ် ပါမလာဘဲ ရိုဒရီ၊ ဂွန်ဒိုးဝမ်၊ ဒီဘရိုင်းနား၊ ဖိုဒန်၊ စတာလင်နဲ့ ဂရီးလစ်ရှ်တို့ ကစားလာခဲ့ကြပါတယ်။
ဘန်လေကတော့ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာတော့ တာကော့ဗ်စကီး၊ ကီဗင်လောင်း၊ ရောဘတ်စ်၊ တေလာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ ဘရောင်းဟေးလ်၊ ဝက်စ်ဝုဒ်၊ ဂျက်ခ် ကော့ခ်၊ မက်နီးလ်၊ လင်နွန်တို့နဲ့ စုဖွဲ့ခဲ့ချိန်မှာ တိုက်စစ်အထောင်ကိုတော့ ဗက်ဂ်ဟော့တစ်ယောက်တည်းတင်ပြီး ပွဲထွက်လာခဲ့တာပါ။
ပွဲချိန် ၃ မိနစ်မှာ ဘန်လေတို့ စတင်ခြိမ်းခြောက်ခဲ့ပြီး ခပ်ရိုးရိုးကစားပုံနဲ့ ညာတောင်ပံကနေ တန်ပြန်တိုက်စစ်ကနေ ဘောလုံးရလာခဲ့တဲ့ ဝါရင့် တောင်ပံကစားသမား လန်နွန်က ဖြတ်တင်ပေးတာကို ကွင်းလယ်လူ ဘရောင်းဟေးလ်ရဲ့ မန်စီးတီး ခံစစ်တန်းရှေ့က ခေါင်းပြေးတိုက်ခဲ့တာက တော်တော်လေး လှပတဲ့ အားထုတ်မှု ဖြစ်ခဲ့ပေမယ့် ဂိုးဘားပေါ်က ကပ်ကျော်သွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၅ မိနစ်မှာကတည်းက စီးတီးတို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဧရိယာအပြင်မှာ ဘောလုံးရခဲ့တဲ့ ရိုဒရီက ညာခြမ်းကို မ,တင်ပေးရာမှာ စတာလင်က အတွင်းကို ချပေးခဲ့တဲ့ ဘောလုံးကို အဆင်သင့်ပါလာတဲ့ ကွင်းလယ်လူ ဒီဘရိုင်းနားက အပြင်းကန်သွင်းပြီး ဘန်လေဂိုးသမား နစ်ခ် ပုပ်ကို ငုတ်တုတ်မေ့စေခဲ့လို့ တာ့ဖ်မိုးရ်မှာ ဧည့်သည်တွေ ဦးဆောင်နိုင်ခဲ့ကြတာပါ။
ပွဲချိန် ၈ မိနစ်မှာ ရိုဒရီရဲ့ အဝေးကန်ချက်ကို ဘန်လေဂိုးသမား ပုတ်ထုတ်ခဲ့ရသလို ထောင့်ကန်ဘောကနေ သူကပဲ ထပ်မံခြိမ်းခြောက်တာက ဂိုးဘေးထွက်သွားခဲ့ပြီး ဘန်လေရဲ့ ပိတ်ကစားတဲ့ ပုံစံက အလုပ်မဖြစ်သလို ဗက်ဂ်ဟော့စ်နဲ့ ကွင်းလယ်ကြားမှာ ချိတ်ပေးမယ့် ဂျေး ရိုဒရီရက်ဇ်လိုလူမျိုး မရှိတာကလည်း တိုက်စစ်ကို ချို့တဲ့စေခဲ့ပါတယ်။
၂၅ မိနစ်မှာတော့ မန်စီးတီးတို့ ဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လေးလံတဲ့ ဘန်လေဘယ်ခြမ်းခံစစ်ကို ဆက်တိုက် ထိုးဖောက်နေခဲ့တဲ့ စတာလင်က ဒီဘရိုင်းနားနဲ့ ဝမ်းတူးရိုက်ပြီး ချိုးပေးတာကို အသင်းခေါင်းဆောင် ဂွန်ဒိုးဝမ်က ပထမဂိုးကို ပိတ်သွင်းခဲ့တဲ့ နေရာလောက်ကပဲ Volley ကန်သွင်းပြီး အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာ ဘန်လေတို့ရဲ့ အမြင့်ဘောနဲ့ ထိုးဖောက်မှုတွေက အလုပ်မဖြစ်သလို စတာလင်ကတော့ ဖိုဒန် ဖန်တီးပေးတဲ့ အခွင့်အရေးကို အလောတကြီး ကန်သွင်းခဲ့တာကြောင့် ဂိုးမဖြစ်ခဲ့ဘဲ လွဲချော်ခဲ့ရပြီး ဧည့်သည် မန်စီးတီးတို့ပဲ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဘယ်ခြမ်းကို ပိုမိုအားပြုခဲ့တဲ့ မန်စီးတီးတို့ ဂိုးရဖို့ ခက်နေခဲ့ပြီး ဂရီးလစ်ရှ်ရဲ့ ကစားပုံက ချီတုံချတုံနိုင် လွန်းသလို ဒီဘရိုင်းနား ချိုးပေးတဲ့ ဘောလုံးကို ဂွန်ဒိုးဝမ် ကန်ချက်က ကောင်းခဲ့ပေမယ့် နစ်ခ် ပုပ်ရဲ့ ကာကွယ် ပုတ်ထုတ်မှုက သူ့ထက် ကောင်းခဲ့တာကြောင့်လည်း အပိုင်တစ်ဂိုး နစ်နာခဲ့ရသေးတာပါ။
ပွဲချိန် ၅၉ မိနစ်မှာ ဘန်လေတို့ရဲ့ ကံကောင်းမလားဆိုပြီး ခံစစ်က ပြစ်ဒဏ်ဘောကို အမြန်ကန်တင်တဲ့ ထိုးဖောက်မှု ကနေ မန်စီးတီးနောက်တန်းကြားက ထွက်လာတာကို လူစားဝင်တိုက်စစ်မှူး ကော်နေးက ခေါင်းတိုက်သွင်းခဲ့ပေမယ့် နောက်ခံလူ အာကေက ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့သလို တကယ်တမ်းမှာလည်း ဒီအနေအထားက လူကျွံနေခဲ့တာဖြစ်ပါတယ်။
ဒီနောက်ပိုင်းမှာတော့ ဒီဘရိုင်းနားနဲ့ ဖိုဒန်တို့အစား ဘာနာဒို ဆေးလ်ဗားနဲ့ ဂျေဆူးစ်တို့ကို ထည့်ပြီး စီးတီးတို့ ပွဲကို ထိန်းကစားသွားခဲ့သလို ဘန်လေရဲ့ ထိုးဖောက်မှုတွေကလည်း သိပ်ပြီး ရင်ခုန်စရာမရှိခဲ့တာကြောင့် ပွဲချိန်အပြည့်မှာတော့ ပထမပိုင်းကအတိုင်းပဲ နှစ်ဂိုး-ဂိုးမရှိနဲ့ ဧည့်သည်တွေ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။
ဒီပွဲရလဒ်ကြောင့် မန်စီးတီးဟာ အဆင့် ၁ နေရာကို နာရီပိုင်းလောက် ယူထားတဲ့ လီဗာပူးအသင်း ဆီကနေ ရမှတ် တစ်မှတ် အသာနဲ့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။