နည်းပြကောင်း လက်လွတ်သွားမှာ စိုးရိမ်လို့ မန်ယူကို အကြံပေးလိုကြောင်း ထုတ်ပြောတဲ့ ပက်

ဘယ်နည်းပြကမှ အောင်မြင်မှုရဖို့ အာမမခံနိုင်ဘူးဆိုပေမယ့် မန်ချက်စတာ ယူနိုက်တက်က နည်းပြသစ်အဖြစ် တာဝန်ပေးသင့်သူနဲ့ ပတ်သက်လို့ ဂွာဒီယိုလာက ထောက်ခံစကား ပြောဆိုပေးလာပါတယ်။

အေဂျက်နည်းပြတန်ဟက်ဟာ နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို တာဝန်ယူဖို့ ရေပန်းစားနေသူတွေထဲက တစ်ယောက်အဖြစ် ပေါ်ထွက်လာခဲ့တာပါ။ မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ဘိုင်ယန်မြူးနစ်မှာ ရှိခဲ့စဉ်အတွင်း ဒုတိယအသင်း နည်းပြလုပ်ခဲ့တဲ့ တန်ဟက်နဲ့ တွဲလုပ်ခဲ့တာဖြစ်ပြီး နယ်သာလန်သားရဲ့ အရည်အသွေးဟာ သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေကိုကြည့်ရင် ထင်ရှားတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော် ဖြစ်နိုင်ရင် မန်ချက်စတာ ယူနိုက်တက်ကို ဖုန်းခေါ်ပြီး ‘မင်းတို့ သူ့ကို နည်းပြခန့်လိုက်ပါ’လို့ ပြောမိမယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ သူ အောင်မြင်မှာလားဆိုတာကတော့ ကျွန်တော် မသိသလို ဘယ်သူမှ မသိနိုင်ပါဘူး။

သူက နည်းပြကောင်းတစ်ယောက်ပါ။ ဒါကို သံသယဖြစ်စရာ မရှိဘူး။ ဒါပေမယ့် ဆာအဲလက်စ် ထွက်ခွာသွားပြီးနောက်ပိုင်း ယူနိုက်တက်နည်းပြ အားလုံးက နည်းပြကောင်းတွေချည်းပါပဲ။ ဒေးဗစ်မိုယက်စ်တို့ မော်ရင်ညိုတို့ကို နည်းပြကောင်း မဟုတ်ဘူးလို့ ပြောလို့မရဘူး။ ယူနိုက်တက်ကို ရောက်လာခဲ့တဲ့ နည်းပြအားလုံးက အကောင်းစားတွေပါပဲ ” လို့ ဂွာဒီယိုလာက ဆိုပါတယ်။

တန်ဟက်ဟာ နောက်ရာသီ အိုးထရက်ဖို့ဒ်ကို တာဝန်ယူဖို့ အလားအလာနဲ့ ပတ်သက်ပြီး ယူနိုက်တက် တရားဝင်အကြီးအကဲတွေနဲ့ အင်တာဗျူးလုပ်ခဲ့တယ်လို့ အတည်ပြုရပါတယ်။
ဒါပေမယ့် ကလပ်ရဲ့ ဆန်ကာတင်စာရင်းထဲမှာ တန်ဟက်တစ်ယောက်ထဲ မဟုတ်ဘဲ ပိုချက်တီနိုလည်း ပါဝင်နေပါတယ်။

အမ်စတာဒန်မှာ ၅ နှစ်အတွင်း လိဂ်ဖလား ၂ လုံးနဲ့ ပြည်တွင်းဖလား ၂ လုံး အောင်မြင်ခဲ့တဲ့ တန်ဟက်ဟာ ဂွာဒီယိုလာရဲ့ ဆရာ ဂျိုဟန်ခရိုက်ဖ်ကို မွေးထုတ်ပေးခဲ့တဲ့ စနစ်တစ်ခုထဲကနေပဲ ထွက်လာခဲ့တာပါ။

“ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ကောင်းခဲ့ပါတယ်။ ဘောလုံးအကြောင်း၊ ဒုတိယအသင်းအကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြတယ်။ သူက တမူထူးခြားတဲ့ သူတစ်ယောက်ပါ။ သူက အေဂျက်ကနေ လာတယ်။ အေဂျက်က မယုံနိုင်စရာ ဒဏ္ဍာရီနဲ့ ကစားပုံ အစဉ်အလာ တစ်ခုရှိပါတယ်။

ရီနက်စ် မစ်ချယ်၊ စတီဖန် ကိုဗက်စ်နဲ့ ဂျိုဟန်ခရိုက်ဖ်တို့ခေတ် နောက်ပိုင်း သူတို့က အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းခဲ့ပြီး သူတို့ ယုံကြည်ရာကို လုပ်ဖို့ အမြဲတမ်း ကြိုးစားခဲ့တာပါ ” လို့ ဂွာဒီယိုလာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။