ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ ထိပ်တိုက်တွေ့မှာကို ရှိန်နေတဲ့ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်

လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ အင်္ဂလန်ကလပ် ၃ သင်းနဲ့ ထိပ်တိုက်တွေ့ဖို့ ရှိခဲ့တဲ့ကြားက မန်စီးတီးကို ရှောင်နိုင်ခဲ့တာအတွက် ကျေနပ်နေပါတယ်။

The Athletic က ဖော်ပြရာမှာ ရီးရဲလ်မက်ဒရစ်ဟာ ချယ်ဆီးနဲ့ ထိပ်တိုက်တွေ့ရမှာကို ပျော်ရွှင်နေတယ်။ မနှစ်က ဆီမီးဖိုင်နယ် ပြိုင်ဘက်နဲ့ ဒီရာသီမှာ အတွဲပြန်ကျတာကပဲ ကွာတားအဆင့်မှာ မန်စီးတီး၊ လီဗာပူးလို ပိုခက်ခဲတဲ့ ပြိုင်ဘက်တွေကို ရှောင်ရှားခွင့် ရစေခဲ့တာလို့ ရီးရဲလ်မက်ဒရစ် ကစားသမားတွေဘက်က ယုံကြည်နေပါတယ်။

ဒီနှစ်ထဲမှာပဲ ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်းမှာ ဇာဗီ ဦးဆောင်တဲ့ ဘာစီလိုနာအသင်း ၄-၀ နဲ့ အနိုင်ယူခြင်း ခံခဲ့ရတာကြောင့် ပိုအားကောင်းတဲ့ ရည်မှန်းချက်တွေ ထားရှိလာပါတယ်။ ဒီရာသီ လာလီဂါဖလားကို အနိုင်ရဖို့ အရေးသားနေမှု တစ်ပွဲလျော့ ကစားထားတဲ့ ဘာစီလိုနာကို ၁၂ မှတ်ထိ ဖြတ်ထားနိုင်ပါပြီ။

ဒါပေမယ့် လာလီဂါဖလားအပြင် ချန်ပီယံလိဂ်ဖလားကိုပါ အနိုင်ရမှပဲ ရီးရဲလ်မက်ဒရစ်အတွက် ဘောလုံးရာသီကောင်းဖြစ်မယ်လို့ ကလပ် တာဝန်ရှိသူတွေက ထင်မြင်လာနေပြီ ဖြစ်ပါတယ်။

The Athletic နဲ့ အင်တာဗျူးမှာ ရီးရဲလ်မက်ဒရစ် သတင်းပေးက “ ပြီးခဲ့တဲ့ ကလပ်စီကို ပွဲစဉ်ကို အရေးနိမ့်ခဲ့တာနဲ့အတူ လာလီဂါဖလား အနိုင်ရတာလောက်က ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌအတွက် ကျေနပ်စရာ မဟုတ်တော့ပါဘူး ” လို့ ပြောဆိုခဲ့တယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဗုဒ္ဓဟူးနေ့မှာ စတမ်းဖိုဒ့်ဘရစ်ကို လာရောက်ပြီး ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်။ အင်္ဂလန်လိဂ်မှာ အတည်ငြိမ်ဆုံး ခြေစွမ်းတွေ ပြနေတဲ့ မန်စီးတီးကို လက်တလော ရှောင်ရှားနိုင်ခဲ့ပေမယ့် ဆီးမီးဖိုင်နယ်မှာတော့ ဒီနှစ်သင်းက ထိပ်တိုက်တွေ့နိုင်ချေ ရှိနေဆဲဖြစ်ပါတယ်။

မန်စီးတီးဟာ ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ကို ရင်ဆိုင်ရမှာပါ။ ဒီအတွဲမှာ မန်စီးတီးက ပိုမို ရေပန်းစား အသင်းဖြစ်နေကာ ဆီမီးအဆင့်မှာတော့ ချယ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ အတွဲက အနိုင်ရလာတဲ့ ကလပ်နဲ့ တွေ့လိမ့်မယ်လို့ ယုံကြည်မှုတွေ မြင့်မားနေပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာလည်း လီဗာပူးထက် တစ်မှတ်သာသလို လက်ကျန်ပွဲစဉ်တွေ အရလည်း ပိုမို လွယ်ကူတဲ့ ပွဲစဉ်ဇယားကို ပိုင်ဆိုင်ထားတာပါ။ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ လီဗာပူးအသင်းနဲ့ ထိပ်တိုက်တွေ့ဖို့ ရှိနေသေးပြီး မန်စီးတီးက ဆုဖလား ၃ လုံး လမ်းကြောင်းမှာ အကောင်းဆုံး ဆက်လက် ယှဉ်ပြိုင်နေဆဲပဲ ဖြစ်ပါတယ်။