တိုက်စစ်မှူးသစ် ခေါ်ဖို့ လိုတာကို ဘာကြောင့် ထပ်ပြောတော့မှာ မဟုတ်သလဲ ဂွာဒီယိုလာ ရှင်းပြ

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက သူ့အသင်းဟာ နွေအပြောင်းအရွှေ့မှာ တိုက်စစ်မှူးအသစ် တစ်ယောက် လိုအပ်နေတာ သိသာပေမယ့် ဟာလန်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို မှတ်ချက်ပေးဖို့ ငြင်းပယ်ခဲ့ပါတယ်။

မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့က တိုက်စစ်သမားကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး ကလပ်တစ်သင်းက ဟာလန်းကို ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ ထင်ကြေးတွေ ပေးနေကြပေမယ့် အခုထိတော့ တစ်သင်းသင်းက အရေးသာသွားပြီလို့ ယုံကြည်ရတာမျိုး မရှိသေးပါဘူး။

“ ကျွန်တော် ဒီကို ရောက်တည်းက တစ်လ၊ နှစ်လတိုင်းမှာ ကျွန်တော်တို့ ကစားသမား အယောက် ၅၀ လောက် ခေါ်ယူတော့မယ်ဆိုပြီး လူတွေက ပြောနေကြတာပဲ။ ဒီမှာ ရှိမနေတဲ့ ကစားသမားတချို့နဲ့ ပတ်သက်ပြီး ကျွန်တော် ပြောသွားမှာ မဟုတ်ပါဘူး။

ဟာလန်းက ဒေါ့မွန်ကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့ရှေ့မှာ အရေးကြီးတဲ့ အရာတွေ အများကြီး ရှိနေပါတယ်။ ရာသီကုန်လို့ အပြောင်းအရွှေ့ ကာလကျရင် အများကြီး ဖြစ်လာပါလိမ့်မယ်။ ဒီကလပ်ဟာ တိုက်စစ်မှူးတစ်ယောက် လိုအပ်တဲ့အကြောင်း နောက် ၆နှစ်၊၇နှစ်လောက် ကျွန်တော် ပြောကောင်းပြောနိုင်ပေမယ့် နောက်ဆုံး ၁၂ လအတွင်း တခါလောက်ပဲ ပြောဖြစ်တယ်ထင်တယ်။

တိုက်စစ်မှူးတစ်ယောက် မရှိခဲ့လို့ ကျွန်တော် အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုပြီး ပြောမယ့်လူမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းကစားဖို့လိုပြီး ဧရိယာအတွင်း ကစားသမား ၇ယောက်၊ ၈ယောက်လောက် ရောက်နေဖို့လိုတယ်။ ဒါက ဂိုးတွေသွင်းယူဖို့ အကောင်းဆုံးနည်းလမ်းပဲ ” လို့ ဂွာဒီယိုလာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းအတွက် လစာတောင်းဆိုမှုကို တစ်ရာသီကို ယူရို ၂၅ သန်း ဝန်းကျင်အထိ လျှော့ပေးလိုက်ပြီး တစ်နှစ်အတွက် ယူရို သန်း ၅၀ လောက် ကျသွားနိုင်ပါတယ်။ ဟာလန်းဟာ အသင်းသစ်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုမယ်ဆိုရင် သူ့အတွက် လစာချည်းပဲ စုစုပေါင်း ပေါင် ၂၀၉ သန်း ကုန်ကျမှာ ဖြစ်ပါတယ်။

ဒေါ့မွန်ဟာ ပြောင်းရွှေ့ကြေးကို တလုံးတခဲတည်း ရဖို့ထက် အရစ်ကျနဲ့ လက်ခံပေးဖို့ သဘောတူမယ်ဆိုရင် အပြောင်းအရွှေ့ဖြစ်ဖို့ ပိုအားကောင်း သွားနိုင်ပါတယ်။ ဟာလန်းအတွက် ဒေါ့မွန်ကို ယူရို ၇၅ သန်း ပေးရမှာဖြစ်ပြီး အေးဂျင့် ရိုင်အိုလာကလည်း ယူရို သန်း ၁၀၀ ထက် မနည်းတဲ့ ပမာဏကို အေးဂျင့်ကြေးအဖြစ် ရလိုနေတာ ဖြစ်ပါတယ်။