ဒီရာသီ ချန်ပီယံလိဂ်မှာ မန်စီးတီးတို့ နောက်တစ်ဆင့် တက်နိုင်မယ့် အားသာချက်ကို ဂွာဒီယိုလာ ပြော

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ချန်ပီယံလိဂ်မှာ အဝေးဂိုး စည်းမျဉ်း မရှိတော့တာကို ထောက်ပြခဲ့ပြီး ဒါကပဲ စီးတီးတို့ နောက်အဆင့်တွေကို ရောက်မယ့် အဓိက အကြောင်းရင်းလို့ ဆိုပါတယ်။

အတိတ်က ဘောလုံးရာသီတွေမှာ မန်စီးတီးဟာ အဝေးဂိုး စည်းမျဉ်းတွေကြောင့် ဗိုလ်လုပွဲကို ရောက်ဖို့ ခက်ခဲမှုတွေ ရှိခဲ့ဖူးပါတယ်။ အခုလို အဝေးဂိုး စည်းမျဉ်း မရှိတော့တာကြောင့် ပြိုင်ဘက်တွေဟာ ရလဒ်အတွက် မန်စီးတီးကို ပိုမို ယှဉ်ပြိုင်ကစားလာရမယ်လို့ ဂွာဒီယိုလာက မြင်ပါတယ်။ ရလဒ်ကောင်းရဖို့ အက်သလက်တီကို ချဉ်းကပ်လာမယ့်ပုံစံကို သုံးသပ်ပေးဖို့ကိုတော့ သူက ငြင်းပယ်ခဲ့ပါတယ်။

“ သူတို့ ဘယ်လို ကစားတယ် ဆိုတာကို ကျွန်တော် သုံးသပ်မှာ မဟုတ်ဘူး။ နောက်အပတ် မက်ဒရစ်မှာ ရလဒ်ကောင်းရဖို့ ဘာလုပ်ရမယ်ဆိုတာကိုလည်း စဉ်းစား အကဲဖြတ်သွာမှာ မဟုတ်ပါဘူး။

ဆိုးဆိုးရွားရွား ကစားတယ်ဆိုတာ ဘာလဲ။ ကျွန်တော့်အသင်းက အိုးထရက်ဖို့ဒ်မှာ ၁-၀ နဲ့ အနိုင်ရခဲ့ပြီး ဘာနာဒိုဆေးဗားက ထောင့်မှာ ၅ မိနစ် အချိန်ဖြုန်းခဲ့တယ်။ ဒါက ရုပ်မဆိုးပါဘူး။ နေရာကို ကာကွယ်တာလေ။ ကျွန်တော်တို့ ဘာလုပ်ဖို့ ကြိုးစားမယ်ဆိုတာ ပြောဖို့ ကျွန်တော် ဒီမှာ ရှိနေတာမဟုတ်ဘူး။ ကျွန်တော် ဘယ်တော့မှ ပြိုင်ဘက်တွေကို အကဲမဖြတ်ဘူး။

ကျွန်တော်တို့ အဝေးဂိုးနဲ့ ချန်ပီယံလိဂ်ကနေ ၃ ကြိမ် ထွက်ခွာခဲ့ရတယ်။ အခုက အဝေးဂိုး စည်းမျဉ်း မရှိတော့ဘူး။ ကျွန်တော်တို့ဟာ အနိုင်ရဖို့၊ အရှိန်ကောင်းကောင်းနဲ့ ကစားဖို့၊ အခွင့်အရေးတွေ ဖန်တီးဖို့ ကစားသွားမှာပါ။ ကျွန်တော်တို့ အောင်မြင်မှုရမလား၊ ပြိုင်ပွဲကနေ ထွက်ရမလား၊ ရွေးစရာနှစ်ခုပဲ ရှိပါတယ်။

အမြဲတမ်း ကျွန်တော်တို့အနိုင်ရဖို့ ကြိုးစားခဲ့တယ်။ ပြိုင်ဘက်က အဝေးဂိုးသွင်းပြီး မင်းက မသွင်းနိုင်လို့ ပြိုင်ပွဲကနေ ထွက်ရတာမျိုး၊ တစ်ဖက် ၅ ဂိုးစီ ဖြစ်နေချိန်မှာ ပြိုင်ဘက်က ၃ ဂိုးသွင်းပြီး မင်းက အဝေးဂိုးတစ်ဂိုးပဲ ရလို့ ထွက်ရတာမျိုးဆိုရင် အမြဲတမ်း ‘အိုးမိုင်ဂေါ့’ ပဲ။ သနားစရာ ကောင်းတယ်။

အခုတော့ အဲ့ဒီ့လို ငြင်းစရာ မလိုတော့ဘူး။ တတ်နိုင်သလောက် ပွဲကို အကောင်းဆုံး ကြိုးစားကစားဖို့ပါပဲ ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာဟာ ပွဲကြီးတွေမှာ သူက အတွေးလွန်တတ်တယ်ဆိုတဲ့ အမြင်ကို ဟာသလုပ်ခဲ့ပြီး ‘မနက်ဖြန်မှာ အံ့ဩစရာ ကောင်းတဲ့ နည်းဗျူဟာတွေ မြင်တွေ့ရလိမ့်မယ်။ ကျွန်တော်တို့ ၁၂ ယောက်နဲ့ ကစားသွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

“ ချန်ပီယံလိဂ်မှာ ကျွန်တော်က အမြဲတမ်း အတွေးလွန်တတ်ပါတယ်။ အတော်လေးကို အတွေးလွန်တာပါ။ ဒါကြောင့်ပဲ ရလဒ်ကောင်းတွေ ရခဲ့တာပေါ့။ အတွေးလွန်ပြီး ရူးကြောင်ကြောင် နည်းဗျူဟာတွေ ဖန်တီးရတာကို ကြိုက်တယ်။ ဒီည ကျွန်တော် ဉာဏ်ကွန့်မြူးပြီး မနက်ဖြန်မှာ အံ့ဩစရာ နည်းဗျူဟာတွေ လုပ်ပြမယ်။ ကျွန်တော်တို့ ၁၂ ယောက်နဲ့ ကစားသွားမှာပါ ” လို့ ပက်က အရွှန်းဖောက်ခဲ့တာ ဖြစ်ပါတယ်။