တီကိုအတွက်ဆိုရင် စီးတီးက သိပ်ကောင်းလွန်းနေတယ် ဆိုတဲ့ အိုဝင်ရဲ့ ပွဲကြို ခန့်မှန်းချက်
ဒီကြားရက်မှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်တွေရဲ့ ပထမအကျော့ ပွဲတွေ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။ နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်ကတော့ မန်စီးတီးပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
မန်စီးတီး v အက်သလက်တီကို မက်ဒရစ်
ပွဲချိန်။ ။ ဧပြီ ၆ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၁း၃ဝ နာရီ
ဒီပွဲကို စောင့်မျှော်နေပါတယ်။ ဒီပွဲရဲ့ ကစားဟန်တွေအကြောင်း ပြောနေမိတယ်။ စီးတီးက ဒီပြိုင်ပွဲကို အနိုင်ရဖို့ စိတ်အားထက်သန်နေပြီး အရာအားလုံးကို စဉ်းစားနေပါတယ်။ ဒီအတွဲမှာ သူတို့က ပိုကောင်းတဲ့အသင်းဖြစ်ပါတယ်။
အက်သလက်တီကိုထံက ဘာတွေမြင်ရမယ်ဆိုတာ ကျနော်တို့ အားလုံး သိပါတယ်။ သူတို့က ပွဲထဲမှာ အချိန်ကြာကြာ ရှိနေဖို့ လုပ်နိုင်သမျှ အားလုံးကို ကြိုးစားမှာပါ။ အီသီဟက်မှာ ထိပ်တန်းကျကျ ပွဲကောင်းတစ်ပွဲ မြင်ရမယ်လို့ မထင်ပါဘူး။ စီးတီးဟာ တီကိုအတွက်တော့ သိပ်ကို အားကောင်းလွန်တဲ့ ပြိုင်ဘက်ဖြစ်ပါတယ်။
အိုဝင် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 2-0 အက်သလက်တီကို မက်ဒရစ်
အက်သလက်တီကို နည်းပြ ဆီမြွန်နီကတော့ မန်ချက်စတာ စီးတီးဟာ သူတို့အသင်းထက် ပိုကောင်းတဲ့ ကစားသမားတွေ ရှိချင် ရှိမှာ ဆိုပေမယ့် ကွာတားဖိုင်နယ် ၂ပွဲသာ ကစားရမှာ ဖြစ်လို့ ချန်ပီယံလိဂ်မှာ သူတို့လည်း ဆီမီးတက်သွားနိုင်ကြောင်း ပွဲကြိုမှာ သတိပေးလိုက်ပါတယ်။
” ကျနော်တို့ အားလုံးမှာ ဖိအားတွေက ရှိကြတာပဲ။ ကျနော်ကတော့ ဒါကို တာဝန်ယူရမယ့် ကိစ္စ တစ်ရပ်လိုပဲ ခံယူပါတယ်။ မန်စီးတီးမှာ ခြွင်းချက်မရှိ ပြီးပြည့်စုံတဲ့ ကစားသမားတွေ ရှိနေတယ် ဆိုတာ သံသယ မရှိပါဘူး။ သူတို့ ကစားသမားတွေက ကျနော်တို့ထက်တောင် ပိုကောင်းရင် ကောင်းဦးမယ်။ ဒါပေမယ့် ၂ပွဲပဲ ကစားရမှာ။
မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်က ဗိုလ်လုပွဲထိ သွားဖို့ ပိုကောင်းတဲ့ အခွင့်ရေး ရှိရင် ရှိမယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီက ဖလားရသွားတာ ချယ်ဆီးနော်။ ” လို့ ဆီမြွန်နီက ပြောဆိုခဲ့ပါတယ်။