ဒုတိယအကျော့ မတိုင်ခင် အက်သလက်တီကိုကို ကြိုတင် သတိပေးသွားတဲ့ ဂွာဒီယိုလာ

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက အက်သလက်တီကို အသင်းကို အိမ်ကွင်းမှာ ဒီဘရိုင်းရဲ့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အနိုင်ရမှုကို ကျေနပ်နေကာ ဒုတိယအကျော့မှာလည်း အနိုင်ယူပြမယ်လို့ ထုတ်ပြောလာခဲ့ပါတယ်။

မန်စီးတီးအသင်းသားတွေရဲ့ ကစားပုံကို ကျေနပ်နေတဲ့ ဂွာဒီယိုလာဟာ ဒုတိယပိုင်းမှာ ဘာလို့ လူစားလဲမှုတွေ လုပ်ခဲ့ရလဲဆိုတာကို ရှင်းပြခဲ့တယ်။ ဖိုဒန်ဟာ လူစားဝင်လာပြီး မကြာခင်မှာပဲ ဒီဘရိုင်း ဂိုးသွင်းနိုင်ဖို့ ဖန်တီးမှု လုပ်နိုင်ခဲ့ကာ ဒီပွဲမှာ မှန်ကန်တဲ့ လူစားလဲမှုတွေ လုပ်နိုင်ခြင်းအတွက် ဂွာဒီယိုလာက ကိုယ်ဘာသာ ချီးကျူးသွားခဲ့ပါသေးတယ်။

ပွဲအပြီးမှာ ဂွာဒီယိုလာကပဲ ” အသင်းရဲ့ ခြေစွမ်းကို ကျေနပ်မိပါတယ်။ ကျနော်တို့က ရင်ဆိုင်ဖို့ရာ ခက်ခဲတဲ့ အသင်းကောင်းတစ်သင်းကို ရလဒ်ကောင်းထွက်အောင် ကစားနိုင်ခဲ့တယ်။ ဒီပွဲမှာ ဒုတိယဂိုးနဲ့ တတိယဂိုးရဖို့ အခွင့်အရေးတွေလည်း ရှိခဲ့ပါတယ်။

အသင်းသားတွေက ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့် ဂျီးဆုနဲ့ ဖိုဒန်တို့က အထူး အင်အားတွေကို ပေးနိုင်မယ်၊ ဂရီလစ်ဟာ ဘောလုံးထိန်းသိမ်းနိုင်မယ်ဆိုတာ သိခဲ့ပါတယ်။ ဒီနေ့ပွဲမှာ မန်နေဂျာက (ကိုယ်ဘာသာရည်ရွယ်) အရမ်း တော်ခဲ့ပါတယ်။ ကျနော်တို့ လူစားလဲမှုတွေ လုပ်ခဲ့တာက ပိုကောင်းလာမယ်လို့ တွေးမိလို့ပါ။ လူစားလဲမှုတွေက ရံဖန်ရံခါ အလုပ်ဖြစ်ပြီး အလုပ်မဖြစ်တဲ့ အချိန်တွေလည်း ရှိပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အရမ်းကို အတွေ့အကြုံများတ့ ကလပ်အသင်းကို ရင်ဆိုင်ရတာက မလွယ်ကူလှပါဘူး။ သူတို့ရဲ့ အိမ်ကွင်းထံ သွားပြီးလည်း ဂိုးသွင်းဖို့၊ ထပ်ပြီး အနိုင်ရဖို့ ကြိုးစားရပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ အက်သလက်တီကိုကွင်းထံ သွားကစားရမယ့် ဒုတိယအကျော့ပွဲစဉ် မတိုင်ခင် အီသီဟက်မှာ ဧည့်ခံရမယ့် လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။