၅-၅-ဝ အကွက်နဲ့ ကစားတဲ့အသင်းမျိုး ခုမှ ကြုံဖူးတယ်လို့ ထုတ်ပြောလာရတဲ့ ဒီဘရိုင်း

မန်ချက်စတာစီးတီး ဟာချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် အက်သလက်တီကို မက်ဒရစ် အသင်းနှင့် အီတီဟက်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာ ကွင်းလယ်ကြယ်ပွင့် ဒီဘရိုင်းရဲ့ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ မန်စီးတီးက ပွဲချိန်ပြည့်ဖိကစားနိုင်ခဲ့ပေမယ့် ပြိုင်ဘက် အက်သလက်တီကိုရဲ့ ခံစစ်တန်းကို ခက်ခက်ခဲခဲ ထိုးဖောက်ခဲ့ရပါတယ်။ အက်သလက်တီကိုက နောက်တန်းငါးယောက်နဲ့ ပွဲထွက်လူစာရင်းကို ခင်းကျင်းခဲ့ပြီး ပွဲကစားချိန်မှာတော့ ကစားသမား (၁၁) ယောက်လုံးက ခံစစ်ကို အပြည့်အဝကူညီခဲ့ပါတယ်။

ဒီအပေါ်မှာ ဂွါဒီယိုလာကိုယ်တိုင်က ထိုးဖောက်ရခက်ခဲတယ်လို့ ငြီးတွားခဲ့သလို အနိုင်ဂိုးရှင် ဒီဘရိုင်းကလည်း အက်သလက်တီကိုရဲ့ ကစားပုံအပေါ် စိတ်ပျက်လက်ပျက် နဲ့ ပြောကြားလာခဲ့ပါတယ်။

ဒီဘရိုင်းက “ကျနော်တို့နဲ့ ရင်ဆိုင်တဲ့အသင်းတွေက ခံစစ်စိတ် အရမ်းယိုင်ကြပါတယ်။ ဒါပေမယ့် ဒီနေ့အတွေ့အကြုံ ကတော့ ပထမဆုံးပါပဲ”

“၅-၅-၀ နဲ့ ကစားတဲ့အသင်းကို ကျနော့်ဘဝမှာ ပထမဆုံးကိုမြင်ခဲ့ဖူးတာပါ။ သူတို့က တိုက်စစ်မှူးတွေလည်း မပါ,ပါဘူး။ ဒီတော့ ကျနော်တို့က နေရာလွတ်တွေကို ရှာဖွေဖို့ အရမ်းခက်ခဲခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျနော်တို့ အခွင့်အရေးတွေ ပိုမိုရရှိခဲ့ပြီး တဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်”

“နောက်ပြီး ဂိုးလည်းပြန်မပေးခဲ့ရပါဘူး။ ဒီရှုထောင့်ကကြည့်မယ်ဆိုရင်တော့ ကျနော်တို့က တကယ်ကောင်းတဲ့ ပွဲတပွဲကို ကစားခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲကိုတော့ အက်သလက်တီကို မက်ဒရစ် အိမ်ကွင်းမှာ လာမယ့် တပတ်အတွင်း သွားရောက် ကစားရမှာပါ။

အဲ့ဒီပွဲမတိုင်ခင်မှာ မန်စီးတီးတို့ ဧပြီ (၁၀) ကျရင် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာမယ့် လီဗာပူးနဲ့ပွဲကိုလည်း အိမ်ကွင်း အီတီးဟတ်ကွင်းမှာ ကစားရဦးမှာ ဖြစ်ပါတယ်။