တီကိုရဲ့ အကွက်အိုထဲ မြောသွားတာမျိုး မဖြစ်ကြစေနဲ့လို့ အသင်းသားတွေကို ပက် သတိပေး

မန်စီးတီးအနေနဲ့ နောက်တစ်ပတ် အက်သလက်တီကို မက်ဒရစ်နဲ့ ထိပ်မံရင်ဆိုင်ရမယ့် ဒုတိယအကျော့ပွဲမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားဖို့ ပက်ဂွာဒီယိုလာက တိုက်တွန်းခဲ့ပါတယ်။

မနက်က ၁-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ လူစားဝင် ကစားသမား ဂျက်ဂရီးလစ်ကို တစ်ဖက်က အမြဲတမ်း ပစ်မှတ်ထား တိုက်ခိုက်နေချိန်မှာ အခြေအနေတွေ ဆိုးရွားသွားစေနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့တာပါ။

ဂျက်ဂရီးလစ်က မြက်ခင်းပေါ် လဲနေချိန်မှာ သူ့ကို ဘောလုံးနဲ့ ကန်ခဲ့တဲ့အတွက် အက်သလက်တီကို အသင်းသား ကော်ရဲရားက အဝါကဒ် ပြသခံခဲ့ရတယ်။ ဂွာဒီယိုလာက ကွင်းထဲပြေးသွားပြီး ‘သောက်ရူးကောင်’ ဆိုပြီး ကော်ရဲရားကို ဆက်တိုက် အော်ဟစ်နေခဲ့ပါတယ်။

နောက်တစ်ပတ် ဝမ်ဒါ မက်ထရိုပိုလီတာနိုကွင်းမှာ ဒုတိယအကျော့ ကစားရတဲ့အခါ အလားတူ အခြေအနေတွေနဲ့ ကြုံရမှာကို စီးတီးနည်းပြက မျှော်လင့်ထားပြီး ပြိုင်ဘက်က ရည်ရွယ်ချက်ရှိရှိ ရန်စ နေတာတွေကို ပြန်မတုံ့ပြန်ဖို့ အသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။

“ ကျွန်တော်တို့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပြီး လုပ်စရာရှိတာကို လုပ်ဖို့လိုတယ်။ အဲ့ဒီ့မှာ ဒိုင်လူကြီး တစ်ယောက် ရှိနေမှာပါ။ အက်သလက်တီကိုက ရှုံးထွက်အဆင့်တွေကို အကြိမ်များစွာ ကြုံခဲ့ရတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ ရင့်ကျက်မှုကို စမ်းသပ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။

ကွင်းလယ်ဒိုင် ရှိပါတယ်။ ဒါက ကျွန်တော့်အလုပ် မဟုတ်ဘူး။ ဂျက်က ကောင်းကောင်း တုံ့ပြန်ခဲ့ပြီး ကျွန်တော်တို့ လုပ်ဖို့ လိုအပ်ခဲ့တဲ့အရာကိုပဲ အာရုံစိုက်ခဲ့တယ်”လို့ ဂွာဒီယိုလာက ဆိုပါတယ်။

ဒီပွဲမှာ အက်သလက်တီကိုက ခံစစ်ကို အကောင်းဆုံး အားထည့် ကစားခဲ့ပေမယ့် ဒီဘရိုင်းရဲ့ ဖောက်ထွက်မှုကို မဟန့်တားနိုင်ခဲ့ပါဘူး။ ဝါရင့် ကွင်းလယ်လူဟာ အကောင်းဆုံး ခြေစွမ်းမှာ ရှိနေခဲ့ပြီး ပြိုင်ဘက်အသင်းက ဖြိုခွဲဖို့ ခက်ခဲခဲ့ကြောင်းကို ဂွာဒီယိုလာက ဝန်ခံခဲ့တယ်။

ဂွာဒီယိုလာကပဲ “ ကီဗင်က ဒီရာသီ အကောင်းဆုံး အခိုက်အတန့်မှာ ရှိနေတာပါ။ ပြတ်သားတယ်၊ လျင်မြန်တယ်။ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းက အရမ်းကြီးမားတယ်။ အက်သလက်တီကို ခံစစ်ကစားတဲ့ နေရာမှာ ဆရာပဲ။ သူတို့ကို ဖြိုခွဲဖို့ အရမ်းခက်ခဲပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

မန်စီးတီးဟာ နောက်အပတ် မက်ဒရစ်ကို သွားကစားရမယ့်ပွဲစဉ် မတိုင်ခင်မှာ လီဗာပူးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမယ့် ပရီးမီးယားလိဂ်ပွဲကို ယှဉ်ပြိုင်ရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။