တနင်္ဂနွေနေ့ မန်စီးတီးနဲ့ လီဗာပူးပွဲမှာ အနိုင်ရမယ့် အသင်းကို ခန့်မှန်းသွားတဲ့ ဝိန်း ရွန်းနီ
လီဗာပူးဂန္တဝင် ဂျေမီကာရေဂါနဲ့ ယူနိုက်တက်ဂန္တဝင် ဝိန်းရွန်းနီးတို့ဟာ စကိုင်းစပေါ့ရဲ့ အစီအစဉ်မှာ ဒီအပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပွဲစဉ်ကို ဘယ်အသင်း အနိုင်ရမလဲ ဆွေးနွေးခဲ့ကြပါတယ်။
ပရီးမီးယားလိဂ် ဇယားထိပ်မှာ မန်စီးတီးနဲ့ လီဗာပူးက တစ်မှတ်ပဲ ကွာဟနေတာဖြစ်ပြီး ဂွာဒီယိုလာရဲ့ အသင်းက အသာစီးရထားတာ ဖြစ်ပေမယ့် တနင်္ဂနွေနေ့မှာ ဒီနှစ်သင်း တွေ့ဆုံတဲ့အခါ အရာအားလုံး ပြောင်းလဲသွားနိုင်ခြေ ရှိနေတာပါ။ ဒါ့အပြင် အနိုင်ရတဲ့ အသင်းဟာ ရာသီကုန်မှာ ဖလားကိုင်မြှောက်ဖို့ ရေပန်းစားလာမှာဖြစ်ပါတယ်။
“ အယ်လီဆန်နဲ့ ဗန်ဒိုက်တို့က နောက်ဆုံး ပွဲအနည်းငယ်အတွင်း အတော်လေးကို ကောင်းခဲ့ပါတယ်။ အဲ့ဒီ့အချိန်တွေအတွင်း လီဗာပူးက နိုင်တယ်ဆိုရုံလောက်ပဲ လုပ်နိုင်ခဲ့တာပါ။ လိဒ်စ်ကို ၆ ဂိုးပြတ် အနိုင်ရခဲ့တုန်းက အချိန်တွေက လီဗာပူးရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်ခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံး ပွဲအနည်းငယ်အတွင်း အဲ့လိုပုံစံမျိုး ရှိမနေခဲ့ဘူး”လို့ ကာရေဂါက ဆိုပါတယ်။
စီးတီးဟာ ဘန်လေကို ၂-၀ နဲ့ အနိုင်ယူပြီး ဇယားထိပ် ပြန်တက်ခဲ့ကာ အသင်းဟာ နောက်ဆုံးပွဲ အနည်းငယ်အတွင်း ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒါတောင်မှ ကာရေဂါက လီဗာပူးအတွက် စိုးရိမ်နေတုန်း ဖြစ်ပါတယ်။
“ သူတို့တွေ စီးတီးနဲ့ပွဲမှာ ရလဒ်ကောင်းရချင်ရင် သူတို့ရဲ့ စွမ်းဆောင်ရည် အဆင့်အတန်းကို မြှင့်တင်ဖို့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
တနင်္ဂနွေနေ့ပွဲဟာ ဖလားအဆုံးအဖြတ်ပွဲအဖြစ် အများက ထင်မြင်နေကြပေမယ့် အဲ့ဒီ့နောက်မှာ ကစားရမယ့် အမှတ်ပေးပွဲ ၇ ပွဲ ရှိနေပါသေးတယ်။ ဒါဘီနည်းပြ ဝိန်းရွန်းနီကတော့ ဒီတစ်ပတ် ပွဲရဲ့ အရေးပါမှုကို သဘောတူ ထောက်ခံခဲ့ပါတယ်။
“ တနင်္ဂနွေနေ့ပွဲက ဘယ်သူချန်ပီယံဖြစ်မလဲဆိုတာ အဆုံးအဖြတ် ပေးသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ကျန်ပွဲတွေမှာ သူတို့တွေ အမှတ်လျော့စရာ မရှိတော့ဘူးလို့ ထင်တယ်။ နှစ်သင်းလုံးက ဥရောပမှာ အကောင်းဆုံး နှစ်သင်းလို့ ပြောလို့ရလောက်ပြီး အစောပိုင်းပွဲမှာ လီဗာပူး အနိုင်ရနေခဲ့စဉ် စီးတီးရဲ့ တုံ့ပြန်မှုတွေက အတော်ကောင်းတယ်လို့ မြင်မိတယ်။
ဒါက ချန်ပီယံတွေ လုပ်တဲ့အရာပဲ။ ဖိအားတွေနဲ့ ပွဲတစ်ပွဲ ရှိနေရင် သူတို့က အဲ့ဒီ့ဖိအားတွေက ဖယ်ရှားပစ်နိုင်တယ်။ အခု တနင်္ဂနွေနေ့မှာ သိပ်ကို စမ်းသပ်မှုဆန်တဲ့ ပွဲတစ်ပွဲ ကစားရတော့မယ် ” လို့ ဆိုပါတယ်။
အဲဗာတန်နဲ့ သရဲနီ ကစားသမားဟောင်း တစ်ယောက် အနေနဲ့ ရွန်းနီအတွက်တော့ ဘယ်အသင်းကို ဖလားအောင်မြင်စေချင်လဲ ဆိုတာကို ရွေးရခက်နေပါတယ်။
ဘယ်သူ ဖလားရမယ်ထင်လဲလို့ မေးမြန်းခဲ့ရာ ၎င်းက “ ရိုးရိုးသားသားပြောရရင် သူတို့ တစ်သင်းမှ ဖလားမရရင် ကောင်းမယ်။ ဒါပေမယ့် တစ်သင်းသင်းကတော့ ရသွားမှာပဲ။ စီးတီးလိုမျိုးပဲ လီဗာပူးကလည်း ပုံစံကောင်းရနေတယ်။ လီဗာပူးက အဲ့ဒီ့ကိုသွားပြီး အနိုင်ယူနိုင်လောက်ပါတယ် ” လို့ ဖြေကြားခဲ့ပါတယ်။