ပက် ဂွာဒီယိုလာ ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ကြိုးစားနေတဲ့ ဘရာဇီး လက်ရွေးစင် အသင်း

မန်စီးတီးနည်းပြ ဂွါဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်ဖို့ ဘရာဇီး လက်ရွေးစင် အသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းကိုတော့ စပိန်အခြေစိုက် နာမည်ကျော် မာကာသတင်းစာက ဖော်ပြခဲ့တာပါ။

ဘရာဇီးလက်ရွေးစင်အသင်းဟာ (၂၀၂၂) ကာတာကမ္ဘာ့ဖလားကိုတော့ လက်ရှိနည်းပြ တိုက်တီ နဲ့သာ လက်တွဲ သွားမှာ ဖြစ်ပါတယ်။ ဒီ ကမ္ဘာ့ဖလားအလွန်မှာတော့ ဂွါဒီယိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတာပါ။

ဒါ့အပြင် ဂွါဒီယိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့အတွက်လည်း ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က ယုံကြည်ချက် ရှိနေတယ်လို့ သိရှိရပါတယ်။ ဂွါဒီယိုလာဟာ မန်စီးတီးနဲ့ (၂၀၂၃) အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။

ဒါပေမယ့်လည်း ဒီရာသီအကုန်မှာ ဂွါဒီယိုလာတယောက် အသင်းနဲ့ လမ်းခွဲသွားဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်ဖလားသာ ရခဲ့ရင် ဂွါဒီယိုလာအနေနဲ့ မန်စီးတီးမှာ စိန်ခေါ်စရာ ဘာ ဆုဖလားမှ မရှိတော့ပါဘူး။

ဘရာဇီးဟာ ဂွါဒီယိုလာကို တနှစ်လုပ်ခ အခွန်ဆောင်ပြီး ပေါင် (၁၀) သန်းနဲ့ (၄) နှစ် စာချုပ် ချုပ်ဆိုသွားဖို့ ဆန္ဒရှိနေတယ် လို့ သိရှိရပါတယ်။ လက်ရှိ မန်စီးတီးမှာ ဂွါဒီယိုလာက တနှစ်လုပ်ခ ပေါင် (၁၇) သန်းရရှိနေတာပါ။

ဂွါဒီယိုလာဟာ လက်ရွေးစင် အသင်းတသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပြီး သူ့ရဲ့ အဓိကပစ်မှတ်က စပိန် လက်ရွေးစင်အသင်းဖြစ်ပေမယ့် ဘရာဇီးရဲ့ အနေအထားကလည်း ဂွါဒီယိုလာအတွက် စိတ်ဝင်စားဖွယ် အနေအထားဖြစ်ပါတယ်။