မန်စီးတီးနဲ့ ပတ်သက်လို့ ကလော့ပ်ရဲ့ စကားတစ်ခွန်းအတွက် ဂွာဒီယိုလာ ကျေးဇူးတင်
မန်စီးတီးအသင်းမှာ လုပ်ပြနိုင်ခဲ့မှုတွေအရ ဂွာဒီယိုလာဟာ ကမ္ဘာအကောင်းဆုံး မန်နေဂျာပါ ဆိုတဲ့ ကလော့ပ်ရဲ့ ချီးကျူးမှုကို ပက်ဂွာဒီယိုလာက ကျေနပ်မှု ရှိခဲ့ပါတယ်။
၂၀၁၆ မှာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့မှု မတိုင်ခင် ဘာစီလိုနာ၊ ဘိုင်ယန်မြူနစ်တို့မှာ ဆုဖလားများစွာ အောင်မြင်ခဲ့တဲ့ ဂွာဒီယိုလာဟာ သူ့နည်းပြဘဝ အကြီးမားဆုံး ပြိုင်ဘက်အဖြစ် ယာဂင်ကလော့ပ်နဲ့ ကာလရှည် ယှဉ်ပြိုင်နေခဲ့ရတာပါ။ ဒါပေမယ့် သူတို့ နှစ်ဦးကြား ဆက်ဆံရေး အတော်ကောင်းသလို အချင်းချင်းလည်း လေးစားမှု ရှိကြတာ ဖြစ်ပါတယ်။
ဒီအပတ်ပွဲကြို ယာဂင်ကလော့ပ်က ” ပက်က ကမ္ဘာအကောင်းဆုံး နည်းပြပါ။ ဒါကို အားလုံး သဘောတူကြမယ်လိ့ ထင်ပါတယ်။ သူ့ကို တစ်ယောက်ယောက်က သံသယရှိတယ်ဆိုရင် ဘာလို့များ သံသယရှိနိုင်တာလဲ ကျနော်တော့ မတွေးတတ်တော့ဘူး ” လို့ ချီးကျူးခဲ့တာဖြစ်တယ်။
ကလော့ပ်ထံက ချီးကျူးစကား ရတာအတွက် ဂွာဒီယိုလာက အတော်လေး သဘောကျပုံ ရပါတယ်။ များစွာသော ပြိုင်ဘက်တွေနဲ့ ပြိုင်ဘက်အသင်း ပရိသတ်တွေဟာ ဂွာဒီယိုလာရဲ့ အောင်မြင်မှုတွေကို ကလော့ပ်လို အသိအမှတ်ပြုပေးတာထက် အသင်းကြီးတွေပဲ ကိုင်တွယ်လို့၊ ပြောင်းရွှေ့ကြေး အများကြီး သုံးလို့ဆိုတဲ့ အကြောင်းပြချက်တွေပဲ ပေးလေ့ရှိကြတာပါ။
ကလော့ပ်ရဲ့ ချီးကျူးမှုကို ဂွာဒီယိုလာကပဲ ” မဟုတ်ပါဘူးဗျာ။ ကျနော်က ကမ္ဘာအကောင်းဆုံး မန်နေဂျာတစ်ယောက် မဟုတ်ရပါဘူး။ ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ကျနော် ကိုယ်ဘာသာ အကောင်းဆုံးလို့ ပြောရတာကို သဘောကျပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။
ကျနော်တို့ အောင်မြင်ခဲ့ချိန်တိုင်းမှာ အမြဲတမ်း ပြောဖြစ်ကြတာက ဒီလို အောင်မြင်တယ်ဆိုတာ ကျနော်က မယုံနိုင်လောက်တဲ့ အသင်းတွေကိုပဲ ကိုင်တွယ်လို့၊ ငွေကြေးတွေ အများကြီး သုံးလို့ဆိုပြီး ပြောတာမျိုးကို ပြိုင်ဘက်တွေက ကြားချင်ကြတယ်။ ကျနော်က တိုးတက်မှုတွေ သင်ယူပြီး ကိုယ်အလုပ်ကို ပျော်ရွှင်စွာ လုပ်ဆောင်ရင်း မန်နေဂျာကောင်းတစ်ယောက် ဖြစ်လာတာပါ ” လို့ ဆိုခဲ့တယ်။
တနင်္ဂနွေနေ့ မန်စီးတီးနဲ့ လီဗာပူးပွဲအပြီးမှာ ယာဂင်ကလော့ပ်နဲ့အတူ ဝိုင်အတူ သောက်မိမယ်လို့ ဂွာဒီယိုလာက ဆိုပါသေးတယ်။ ပရီးမီးယားလိဂ် ဦးဆောင်ကလပ် နှစ်သင်းဟာ ဒီနှစ်တွေအတွင်း အတော်လေး ပြိုင်ဆိုင်မှု ပြင်းထန်ပေမယ့် နည်းပြ နှစ်ဦးကြားမှာ အပြန်အလှန် လေးစားမှုကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။
ဂွာဒီယိုလာကပဲ ” ကျနော်တို့ အနိုင်ရမယ်ဆိုရင် သဘောကျမိမှာပဲ။ ယာဂင်က ကမ္ဘာဘောလုံးလောကကို ပိုကောင်းစေခဲ့သူပါ။ သူက ပြိုင်ဘက်ကြီး တစ်ယောက်ပါ။ မန်နေဂျာတိုင်းနဲ့ ဆက်ဆံရေးကောင်းဖို့ ကျနော် ကြိုးစားလေ့ ရှိပါတယ်။
ပြိုင်ဘက်မန်နေဂျာတွေနဲ့ ဆက်ဆံရေး ပိုကောင်းအောင် သင်ယူလေ့ရှိတယ်။ ယာဂင်နဲ့ ကျနော်တို့က ဂျာမာန်လို ပြောလေ့ရှိသလို သူလုပ်ခဲ့တာတွေအတွက်၊ သူ့ရဲ့ အသင်ကို တည်ဆောက်ပုံတွေအတွက် ကျနော် အထင်ကြီးပါတယ်။
သူက လူကောင်းပါ။ ကျနော်နဲ့ သူ့ကြား ဘာပြဿနာမှလည်း မရှိဘူး။ ကျနော်တို့က ချမ်းသာတဲ့ အသင်းလို့ သူပြောလေ့ ရှိပါတယ်။ ဒီတော့ ဝိုင်ကောင်းကောင်း တစ်ခွက်နဲ့ ဧည့်ခံနိုင်မယ် ထင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။