မန်စီးတီးနဲ့ လီဗာပူးကြား ရမှတ် ကွာဟမှု အတုတစ်ခုအကြောင်း ဂွာဒီယိုလာ ရှင်းပြ

လီဗာပူး အသင်းဟာ မန်စီးတီးနဲ့ ရမှတ် ကွာဟချက် ၁၄ မှတ်ကို အမီလိုက်နိုင်ခဲ့တယ်ဆိုတဲ့ ထောက်ပြမှုတွေက အတုအယောင် ထောက်ပြမှုကြီးပါလို့ ပက်ဂွာဒီယိုလာက ဆိုပါတယ်။

ဇန်နဝါရီ လလယ်တုန်းက လီဗာပူးဟာ မန်စီးတီးနဲ့ ၁၄ မှတ် ကွာဟနေခဲ့ကာ အဆင့် ၃ နေရာမှာ ရှိနေခဲ့သလို ချယ်ဆီးက ဖလားစိန်ခေါ်ဖို့ ပိုပြီးဖြစ်နိုင်ခြေရှိခဲ့တာပါ။ ဒါပေမယ့် လီဗာပူးဟာ မန်စီးတီးနဲ့ ကွာဟချက်ကို ၁မှတ်အထိ လျှော့ချခဲ့ပြီးနောက် ဒီတစ်ပတ် အီသီဟဒ်မှာ အနိုင်ကစားပြီး စီးတီးကို ကျော်တက်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

ဇန်နဝါရီမှာ ချယ်ဆီးအသင်းကို သရေကျပြီးတဲ့နောက် ယာဂင် ကလော့ပ်ရဲ့ အသင်းဟာ အဲ့နောက်ပိုင်း လိဂ်ပွဲအားလုံးကို အနိုင်ရခဲ့ပြီး စီးတီးကတော့ စပါးကိုရှုံး၊ ဆောက်သမ်တန်နဲ့ ပဲလေ့စ်ကို သရေကျခဲ့တာ ဖြစ်ပါတယ်။ ဖလားပြိုင်ပွဲဝင် ၂သင်းလုံးဟာ အခု ပွဲ ၃၀ ကစားထားပြီး တနင်္ဂနွေနေ့မှာ အနိုင်ရတဲ့အသင်းက ကြီးမားတဲ့ အားသာချက် ကို ရရှိမှာဖြစ်ပါတယ်။

” ကျွန်တော် ခင်ဗျားကို ပြောပြမယ်။ ၁၄ မှတ်ဆိုတာ အတုအယောင်ပါ။ ခင်ဗျားတို့မှားခဲ့တယ်။ ကျွန်တော်တို့က လီဗာပူးထက် ၂ ပွဲပိုကစားခဲ့တယ်။ အတုကြီး။ အဲ့ဒါက အမှားတခု မဟုတ်ခဲ့ပါဘူး။

ကျွန်တော်တို့ အမှတ်တွေ လျော့ခဲ့တဲ့ပွဲတွေကို သုံးသပ်ကြည့်ရင် အထူးသဖြင့် ပဲလေ့စ်၊ ဆောက်သမ်တန်တို့နဲ့ ပွဲတွေမှာ ကျနော်တို့ အရမ်းကောင်းခဲ့ပါတယ်။ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တာ၊ အဆုံးသတ် တည်ငြိမ်မှု မရှိခဲ့တာကလွဲရင် ကျွန်တော်တို့ သိပ်ကောင်းခဲ့တာပါ” လို့ ဂွာဒီယိုလာက ဆိုပါတယ်။

ဂွာဒီယိုလာကပဲ ၂ ပွဲကစားဖို့ ကျန်ခဲ့တာက အမှတ် ကွာဟချက် ပိုနည်းလာအောင် လုပ်ရေး သတိပေးချက်လိုမျိုး လီဗာပူးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ သူကပဲ ပရီးမီးယားလိဂ်မှာ စီးတီးရဲ့ အဓိက ပြိုင်ဘက်က လီဗာပူးပဲ ဖြစ်ပါတယ်လို့ ဆိုပါသေးတယ်။

” ကျွန်တော်တို့ လီဗာပူးထက် ၁၄ မှတ် သာနေခဲ့တဲ့အချိန်မှာ ကျွန်တော် ကိုယ်တိုင်တောင် မယုံနိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြိုင်ဘက်က ဥရောပရဲ့ အကောင်းဆုံး အသင်းတစ်သင်းဆိုတာ သိထားပါတယ်။ အမှန်တရားက အခုချိန်မှာ တစ်မှတ်ပဲကွာတယ်။ ဒါက ပုံမှန်အနေအထားပဲ။

ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ တိုက်ပွဲဝင်ရတာကိုက ဂုဏ်ယူစရာပါ။ ကျွန်တော် ဘာစီလိုနာမှာတုန်းက ဒီလိုအခြေအနေကို နေသားကျခဲ့တယ်။ အမြဲတမ်း မက်ဒရစ်နဲ့၊ တခါတလေ အက်သလက်နဲ့ပေါ့။ ဒါပေမယ့် ပုံမှန်ကတော့ ဘာကာနဲ့ ရီးရဲလ်ပါပဲ။

ဒီမှာ ထိပ်တန်း ၅သင်း၊ ၆သင်း လောက်ရှိပေမယ့် နောက်ဆုံး ၅ နှစ်အတွင်းမှာ နှစ်သင်းလောက်ပဲ အပြိုင်ဖြစ်ခဲ့တာပါ။ ဒါက ပရီးမီးယားလိဂ်ရဲ့ အမှန်တရားပဲ။ ဒါက နှစ်သင်းလုံးမှာ ရှိခဲ့တဲ့ အသင်းတည်ဆောက်ပုံနဲ့ တည်ငြိမ်မှုကို ပြသနေတာပါ။

လီဗာပူးအကြောင်း ပြောနေကြတဲ့သူတွေကို ကျွန်တော် နားလည်တယ်။ လူတွေအားလုံး ဒီပွဲကို ကြည့်နေလိမ့်မယ် ထင်ပါတယ်။ လိဂ်ရဲ့ ထိပ်တန်း ၂သင်းက ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ ကြိုးစားနေတာကို မြင်ရမှာပါ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာဖြစ်ပါတယ်။