လီဗာပူးလို တိုက်စစ်အားသန် အသင်းနဲ့ ကစားရင် မပျင်းရဘူးလို့ ဒီဘရိုင်း ပြောလာ

မန်စီးတီးဟာ လီဗာပူးနဲ့ ဖလားတိုက်ပွဲ ဆင်နွှဲနေရပေမယ့် နှစ်သင်းကြား အရေးပါတဲ့ ထိပ်တိုက်တွေ့ဆုံမှု မတိုင်ခင် ဒီဘရိုင်းက လီဗာပူးရဲ့ ဖျော်ဖြေမှုပေးတဲ့ ကစားပုံကို ချီးကျူးခဲ့ပြီး အန်ဖီးကလပ်က အရမ်းကောင်းတယ်လို့ ထင်မြင်ကြောင်း ဝန်ခံခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်သားဟာ စီးတီးနဲ့အတူ ၅နှစ်အတွင်း ၄ကြိမ်မြောက် အမှတ်ပေးဖလားကို ရယူဖို့ မျှော်လင့်နေတယ်။ ဒုတိယရာသီဝက်မှာ ဒီဘရိုင်းဟာ စီးတီးနဲ့အတူ အထူး တောက်ပလာနေပြီး ကလပ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ပြန်ရလာနေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလား ပြိုင်ဘက် အန်ဖီးကလပ်နဲ့ ပတ်သက်ပြီး ဒီဘရိုင်းက ” သူတို့တွေ သိပ်ကောင်းတယ်လို့ ထင်ပါတယ်။ တစ်သင်းနဲ့ တစ်သင်း အတော်လေးကို အပြိုင်ဖြစ်နေတဲ့ ၂သင်းလို့ ခံစားရတယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီကနေ့ ထိပ်တိုက်တွေ့မှု အတွက်ကိုတော့ ” ပွဲကြီးတွေကို ကျွန်တော် သဘောကျပါတယ်။ ဒါက လုံးဝတိုက်စစ်ဆော့တဲ့ အသင်း၂သင်းပဲ။ ဒီရာသီမှာ ကျွန်တော်တို့ရဲ့ ပွဲတွေက ဖျော်ဖြေမှုပေးခဲ့ပါတယ်။ သူတို့နဲ့ ကစားရရင် ပျင်းရတယ်ဆိုတာ မရှိဘူး ” လို့ ပြောခဲ့တာပါ။

နိုင်ငံတကာသီတင်းပတ် အပြီး ပြည့်ကျပ်နေတဲ့ ပွဲချိန်တွေက ဖလားပြိုင်ပွဲမှာ ပိုပြီး အရေးပါလာမယ်လို့ ဒီဘရိုင်းက ထင်မြင်နေပါတယ်။ စီးတီးဟာ လီဗာပူးနဲ့ ကစားရမယ့် ပွဲအပြီးမှာ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ကို ကစားရမှာ ဖြစ်ပါတယ်။

” ကျွန်တော်တို့ ပွဲတိုင်းကို အနိုင်ရချင်ပါတယ်။ ဒါပေမယ့် တခါတလေ အတားအဆီးတွေနဲ့ကြုံရတယ်။ အချိန် ဇယားက အရမ်းကျပ်နေပေမယ့် ကျွန်တော်တို့ နိုင်ပွဲတွေဆက်ရယူဖို့ လိုပါတယ်။ ပွဲပန်းတာတွေလည်း ဖြစ်လာမှာကြောင့် ဒီကာလမှာ တတ်နိုင်သလောက် တည်တည်ငြိမ်ငြိမ် ကစားနိုင်ဖို့လိုတယ်။

အခုကစပြီး အဆုံးသတ်အထိ ၃ရက်တပွဲ ကစားရမှာမို့ လန်းဆန်းတက်ကြွနေဖို့ လိုပါတယ်။ အခုက တွန်းအားပေးရမယ့် အချိန်ပဲ” လို့ ဒီဘရိုင်းက ဆိုခဲ့တာဖြစ်ပါတယ်။