အသင်းခေါင်းဆောင် ပီသစွာ အသင်းဖော် မာရက်ဇ် အတွက် ကာကွယ်ပြောဆိုသွားတဲ့ ဒီဘရိုင်း
မန်စီးတီး ကွင်းလယ်သမား ကယ်ဗင် ဒီဘရိုင်း ဟာ မနေ့ ညက လီဗာပူး အသင်းနဲ့ သရေ ကျခဲ့တဲ့ ပွဲမှာ အနိုင် ရစေမယ့် အခွင့်အရေးကောင်းကို ဆုံးရှုံးခဲ့တဲ့ အသင်းဖော် မာရက်ဇ် ဘက်ကနေ အသင်းခေါင်းဆောင် ပီသစွာ ကာကွယ် ပြောဆို သွားခဲ့ ပါတယ်။
မန်စီးတီး ဟာ အမှတ်ပေး ချန်ပီယံဆု အတွက် ၁ မှတ် အကွာ ကနေ လိုက်လံ ဖိအားပေး နေတဲ့ လီဗာပူး ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ပြီး ၂ ဂိုးစီ သရေ ရလဒ် နဲ့ ပြီးဆုံးသွားခဲ့ ပါတယ်။
ပွဲပြီးခါနီးမှာ စီးတီး တိုက်စစ်သမား မာရက်ဇ် ဟာ တောင်ပံ ကနေ အတွင်းကို ဆွဲဝင်လာပြီး အနိုင် ဂိုး ရနိုင်လောက်တဲ့ အခွင့်အရေး ကို ပိုင်ဆိုင် ခဲ့ပေမယ့် အဲလစ်ဆင် ဘက်ကာ ရဲ့ အပေါ် ကနေ ကျော်သွင်းဖို့ ဆုံးဖြတ် ခဲ့ရာမှာ ကန်ချက်များသွား ခဲ့ပြီး ဂိုးဘားပေါ် ကနေ ထွက်သွားခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ဒီကန်ချက် နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပေမယ့် ဒီဘရိုင်းနား ကတော့ အသင်းဖော် ကို အပြစ်မတင် ကြဖို့ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။
“မာရက်ဇ် က ဂိုးသမားကို ကျော်သွင်းဖို့ ဆုံးဖြတ်ခဲ့ ပါတယ် ။ ဒီဂိုးသာ ဝင်သွားခဲ့ရင် တကယ်ကို လှပတဲ့ ဂိုး ဖြစ်လာမှာပါ၊ ကံမကောင်းချင်တော့ အဲ့ဒါက ဂိုးမဝင် သွားခဲ့ပါဘူး။ ကျွန်တော်တို့ ကစားတာ တကယ်ကောင်းခဲ့ပြီး ပွဲကိုလည်း အသာစီး ရယူနိုင်ခဲ့ပါတယ်”
“အနိုင်တော့ မရလိုက်ပါဘူး၊ ဒါပေမယ့် ဘောလုံးမှာ ဒါမျိုးက ဖြစ်နေကျပါပဲ။ အခု ကျွန်တော်တို့ ရှေ့ဆက်ပြီး သွားကြရ ဦးမှာပါ” လို့ ဒီဘရိုင်း က ပြောဆို သွားခဲ့ပါတယ်။
မန်စီးတီး ဟာ ဒီပွဲမှာ လီဗာပူး ထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် နဲ့ အခွင့်အရေး ဖန်တီးမှုတွေ ပိုမို ရရှိခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ် အားနည်းမှုတွေကြောင့် အနီးကပ်ဆုံး ပြိုင်ဘက်ကို အနိုင် မရခဲ့ပါဘူး။
ဒီ သရေ ပွဲကြောင့် မန်စီးတီး ဟာ ၃၁ ပွဲ ကစားအပြီးမှာ လီဗာပူး ထက် ၁ မှတ် အသာနဲ့ အမှတ်ပေး ဇယား ကို ဆက်လက် ဦးဆောင်နေပြီး အမှားခံလို့ မရတဲ့ အားပြိုင်မှု အဖြစ် ဆက်လက် ရှိနေစေခဲ့ပါတယ်။
မန်စီးတီး ဟာ လာမယ့် ကြားရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ အဖြစ် အက်သလက်တီကို မက်ဒရစ် ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး အဲ့ဒိနောက် မှာတော့ လီဗာပူး နဲ့ FA Cup ဆီမီးဖိုင်နယ် ပွဲကို ဝင်ဘာလေ ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။