မန်စီးတီးနဲ့ လီဗာပူးပွဲကို နာမည်ကျော် ဝေဖန်ရေးသမားကြီးတွေက ဘယ်လိုများ သုံးသပ်ကြသလဲ

မန်စီးတီးနဲ့ လီဗာပူးတို့ရဲ့ ထိပ်ဆုံးနေရာအတွက် ထိပ်တိုက် ယှဉ်ပြိုင်ကြတဲ့ ပရီးမီးယားလိဂ်ပွဲဟာ ၂-၂ ရလဒ်နဲ့ ပြီးဆုံးခဲ့တာကြောင့် မန်စီးတီးကပဲ ဇယားထိပ်ကို ဆက်ယူနိုင်ခဲ့ပြီး လက်ကျန် ရာသီအတွက် အခြေအနေ ပိုကောင်းခဲ့ပါတယ်။

ဒီပွဲမှာ မန်စီးတီးက သူတို့ရဲ့ အရည်အချင်းကောင်းတွေကို ပြသခဲ့ပေမယ့် လီဗာပူးအသင်းရဲ့ စိတ်ဓါတ် ကြံ့ခိုင်ခြင်းတွေကလည်း ပွဲကို တုန့်ပြန်နိုင်ဖို့ လုံလောက်ခဲ့တယ်။ နှစ်သင်းလုံးက ဘောလုံးပိုင်ဆိုင်မှုကို တစ်သင်းတည်းကပဲ အချိန်အကြာကြီး ယူထားနိုင်အောင် မလုပ်နိုင်ခဲ့ဘဲ အပြန်အလှန် တိုက်စစ်ဆင်မှုတွေနဲ့အတူ ပွဲမြိုင်ခဲ့ပါတယ်။

အိမ်ကွင်း အားသာချက်ရှိတဲ့ မန်စီးတီးက နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ခဲ့ပေမယ့် လီဗာပူးကလည်း အရှုံးမပေးဘဲ နှစ်ကြိမ်တိုင်တိုင် နောက်က လိုက်ကစားနိုင်ခဲ့တယ်။ အခွင့်အရေး ရယူနိုင်စွမ်းမှာ မန်စီးတီးက သာခဲ့ပေမယ့် လီဗာပူးအသင်းကလည်း သရေတစ်မှတ်အတွက် လာကစားတာ မဟုတ်ဘူးဆိုတာ ပြသခဲ့ပါတယ်။

ဒီပွဲနဲ့ ပတ်သက်လို့ ယူနိုက်တက် ကွင်းလယ်လူဟောင်း ရွိုင်ကိန်းက ” ကျနော် အကြိုက်ဆုံး အရည်အချင်းကတော့ ဒီထိပ်တန်း ကစားသမားတွေ အားလုံးက ဒီပွဲကို အနိုင်ရဖို့ဆိုတဲ့ စိတ်ဆန္ဒတွေ ပြင်းပြနေကြတာပါပဲ။ ဘယ်အသင်းကမှ ဘောလုံးကို အချိန်ကြာကြာကြီး လွှမ်းမိုး ကစားထားနိုင်တယ်ကို မရှိဘူး။ နှစ်သင်းလုံးက အရည်အချင်း အပြည့်ပါပဲ။

ဒုတိယပိုင်းမှာတော့ လီဗာပူးက သူတို့ရဲ့ စရိုက်ကောင်းတွေကို ပြသခဲ့တယ်။ ဒါပေမယ့် မန်စီးတီးကလည်း အခွင့်အရေးကောင်းတွေကို ရခဲ့တာပါပဲ။ ဒီပွဲက ဘယ်လောက်တောင် ကောင်းမွန်တဲ့ ပွဲကောင်းလဲဆိုတာ ကျနော်တို့ကို အမှတ်ရစေခဲ့တယ် ” လို့ ထုတ်ဖော်ခဲ့တယ်။

လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါကလည်း ” လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်မှာ အရည်အချင်းကောင်းတွေ သိပ်အများကြီး မဟုတ်ပေမယ့် ဒုတိယပိုင်းမှာတော့ သူတို့ရဲ့ စိတ်ဓါတ်ပိုင်း မာကျောမှုက ပေါ်ထွက်လာခဲ့တယ်။ ပထမပိုင်းတုန်းကဆိုရင် သူတို့က ပြေးလွှား ကစားခြင်းကို ခံနေခဲ့ရတာပါ။

သူတို့က ကစားနေကျ ပုံစံအတိုင်းပဲ ကစားသွားတာပါ။ ဘာအပြောင်းအလဲမှ မလုပ်ခဲ့ပါဘူး။ ဒီအသင်းတွေက သူတို့ လုပ်နေတဲ့ ကစားနေတဲ့ အပေါ်မှာ ယုံကြည်မှုတွေ ရှိကြတယ်။ ဒုတိယပိုင်းမှာ လီဗာပူးက မန်စီးတီးကို ယှဉ်ကစားခဲ့သလို ပိုကောင်းကောင်းတောင် ကစားခဲ့တယ် ပြောရပါမယ်။ ဒီနေ့ပွဲမှာ နှစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးမိပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် ဂိုးသမားဟောင်း ပီတာ ရှမိုက်ကယ်ကတော့ ” ပြိုင်ဘက်တွေ ကစားစေချင်တဲ့ ပုံစံကို ခွင့်ပြုပေးဖို့ပဲ သူတို့ တတ်နိုင်ကြပါတယ်။ လီဗာပူးက ပွဲကို အနိုင်ရလိုပြီး ကြိုးစားပြီးရင်း ကြိုးစားပေမယ့် သူတို့က သိပ်ကို အရည်အသွေးမြင့်တဲ့ ကလပ်ကို ရင်ဆိုင်ရတာပါ။ လီဗာပူးက သရေတစ်မှတ်အတွက် ကစားခဲ့တာ မဟုတ်ဘူး။ နှစ်သင်းလုံးက လက်ကျန်ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစားရတော့မှာပါ ” လို့ ဆိုသွားခဲ့ပါတယ်။