လီဗာပူးနဲ့ သရေကျတဲ့ပွဲမှာ ပွဲပြီး နောင်တမျိုး ခံစားမိနေကြောင်း ထုတ်ပြောလာတဲ့ ဂွာဒီယိုလာ

အီသီဟက်မှာ လီဗာပူးနဲ့ ၂-၂ သရေကျခဲ့တာဟာ ပြိုင်ဘက်အသင်းကို ကောင်းကောင်းကြီး အသက်ရှင်ခွင့် ပေးလိုက်မိတာလို့ ခံစားမိကြောင်း ဂွာဒီယိုလာက ပြောဆိုပါတယ်။

အိမ်ကွင်းမှာ အခွင့်အရေးတွေ အများကြီးရပေမယ့် လီဗာပူးဘက်ကလည်း ကောင်းကောင်း တုန့်ပြန်နိုင်ခြင်းတွေကြောင့် သရေတစ်မှတ်ဟာ စီးတီးအတွက် လုံလောက်တဲ့ ရလဒ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ဒီပွဲမှာ လီဗာပူးကို လွှတ်မြောက်ခွင့် ပေးလိုက်မိသလို ဖြစ်သွားသလားလို့ ဂွာဒီယိုလာက ခံစားနေရတယ်။

‘ ဒီနေ့မှာ ကျနော်တို့ အခွင့်အရေးကို လွဲချော်ခဲ့တယ်လို့ ခံစားနေရတယ်။ လီဗာပူးကို အသက်ရှင်လျက် လွှတ်မြောက်ခွင့် ပေးလိုက်တယ်လို့ ခံစားမိနေတယ်။ ဒါပေမယ့် အသင်းကိုတော့ သူတို့ ခေါင်းတွေကို မော့ထားဖို့ မှာထားပါတယ်။ တစ်စက္ကန့်လေးတောင်မှ ဝမ်းနည်းမှု ဆိုတာမျိုးတွေ မမြင်ချင်ပါဘူး။

ပုံမှန်အားဖြင့် ကောင်းတဲ့ ကိစ္စတွေ အများကြီး လုပ်ပြီးလို့ အနိုင်မရဘူးဆိုရင် ဝမ်းနည်းရပါတယ်။ ဒါပေမယ့် ဒါကို မေ့ထားလိုက်ဖို့ ကျနော် သတိပေးခဲ့တယ်။ နောက်ဆုံး လှုပ်ရှားမှုလို အခြေအနေက ကျနော်တို့ လုပ်ခဲ့သလို မဟုတ်ဘူး။ ဒါပေမယ့် အသင်းအတွက် ဂုဏ်ယူပါတယ် ‘ လို့ ဂွာဒီယိုလာက ဆိုခဲ့တာဖြစ်တယ်။

ဘောလုံးရာသီ အဆုံးသတ်ဖို့ရာ အမှတ်ပေးပွဲ ၇ ပွဲပဲ ကစားဖို့ ကျန်တော့တာဖြစ်ပြီး ပွဲစဉ်တိုင်းမှာ အနိုင်ရဖို့ လိုအပ်ကြောင်း ဂွာဒီယိုလာက သတိပေးခဲ့တယ်။ လီဗာပူးလည်း ပွဲတိုင်း နိုင်ဖို့ လိုပေမယ့် တစ်ပွဲလောက် သရေကျရင်ကို အခြေအနေတွေက ပြောင်းလဲသွားနိုင်တယ်လို့ မန်စီးတီး နည်းပြက မြင်ပါတယ်။

ဂွာဒီယိုလာက ‘ ကျနော်တို့ အဆုံးထိ တိုက်ခိုက်ခဲ့တယ်။ တစ်ပွဲလောက် ရမှတ် ဆုံးရှုံးတာနဲ့ ကျနော်တို့ ချန်ပီယံဖြစ်တော့မှာ မဟုတ်ဘူး။ အကယ်လို့ လာမယ့်ပွဲတွေမှာ တစ်ပွဲ သရေကျရင်ကို ကျနော်တို့ ချန်ပီယံ မဖြစ်နိုင်တော့ပါဘူး။

ဒီနေပွဲကို အနိုင်ရမယ်ဆိုရင် အနာဂတ်မှာ အခွင့်အရေးကောင်းရမှာပါ။ ဒါက ခက်ခဲပါတယ်။ ဒါပေမယ့် လီဗာပူးအတွက်ကောပါပဲ။ သူတို့လည်း ပွဲတိုင်းကို နိုင်ဖို့ လိုပါတယ်။ ဒီပွဲကို ကြည့်ရတာ သိပ်ကောင်းတယ်။ ဖိအားပေးပြီးတွေ တိုက်စစ်ပြီးရင်း တိုက်စစ် ကစားမှုတွေနဲ့ နှစ်သင်းလုံးမှာ တိုက်စစ်အားသာချက်တွေ ရှိနေခဲ့တယ် ‘ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ လီဗာပူးထက်စာရင် ပွဲချောင်နေပြီး လာမယ့် ၇ ပွဲမှာတော့ ကြီး ၆ ကြီး ပြိုင်ဘက် တစ်သင်းမှ မရှိတော့ပါဘူး။ လီဗာပူးကတော့ ကြီး ၆ ကြီး ပြိုင်ဘက် ၂ သင်းကို ရင်ဆိုင်ရဦးမှာ ဖြစ်တဲ့အပြင် မာဆေးဆိုဒ်ဒါဘီအဖြစ် အဲဗာတန်နဲ့လည်း ကစားရဦးမှာမို့ ပိုကြပ်တည်းတဲ့ ပွဲစဉ်တွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။