ပရီးမီးယားလိဂ် ဖလားကို လက်မလျှော့သေးဘဲ မန်စီးတီးကို အမှီလိုက်မယ် ကြုံးဝါးတဲ့ ဟန်ဒါဆန်
မန်စီးတီးအသင်းနဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲမှာ နှစ်ဂိုးစီ သရေကျခဲ့ပြီးနောက် လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က လီဗာပူးအသင်းက မန်စီးတီးအား ဆက်လက် ဖိအားပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ထို သရေပွဲ အပြီးမှာ အခုလို ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။
” လက်ဖျားခါလောက်စရာကောင်းတဲ့ ပြိုင်ဘက်နဲ့ ကစားရမှာဖြစ်လို့ ဒီပွဲက ကျွန်တော်တို့ မျှော်လင့်ခဲ့သလိုပဲ အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဒီကွင်းကြီးမှာ အရာရာကိုပေးဆပ်ပြီး အနိုင်ကစားချင်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီလို မလုပ်နိုင်ခဲ့ပေမယ့်လည်း တချိန်တည်းမှာပဲ ကျွန်တော်တို့ ဒီပွဲကို မရှုံးခဲ့ပါဘူး။
ကျွန်တော်တို့အသင်းဟာ ချန်ပီယံပြေးလမ်းထဲမှာရှိနေဆဲဖြစ်ပြီး ဒါကပဲ ဒီပွဲရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ကိစ္စ၊ အနုတ်လက္ခဏာ ဆောင်တဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။
မန်စီးတီး အသင်းက အမှတ်တွေအများကြီးဆုံးရှုံးမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ကလည်း တက်နိုင်သမျှ ပွဲတွေကို အနိုင်ရအောင် ကစားပြီး ကိုယ် လုပ်စရာရှိတာကိုပဲ အာရုံစိုက်လုပ်သွားမယ်။
သူတို့ တလွဲလုပ်လိုက်မိတာနဲ့ ကျွန်တော်တို့က အခွင့်အရေးကို အမိအရ ဖမ်းဆုပ် ရယူသွားမှာ ဖြစ်ပါတယ်” လို့ ဟန်ဒါဆန်က ပြောဆိုခဲ့တာပါ။
ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပွဲသာ ကစားဖို့ ကျန်ရှိတော့ချိန်မှာ မန်စီးတီးက အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ လီဗာပူးအသင်းထက် တစ်မှတ်အသာဖြင့် ရပ်တည်နေပါတယ်။ လက်ကျန်ပွဲတွေကိုသာ အမှတ်မလျော့အောင် ကစားသွားနိုင်ရင် ဒီဖလားက မန်စီးတီး လက်ထဲ ရောက်လာတော့မှာ ဖြစ်ပါတယ်။