မန်စီးတီးမှာ ကစားနိုင်လောက်တဲ့ မန်ယူအသင်းသား တစ်ဦးဦး ရှိသလားကို နဗီး တုန့်ပြန့်မှု

ဂယ်ရီနဗီးဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကို အတော်လေး စိတ်ပျက်နေတာကြောင့် ထပ်မံဝေဖန်ခဲ့သလို ပြင်းပြင်းထန်ထန် အပြစ်တင် ပြောဆိုခဲ့ပါတယ်။

သရဲနီတွေဟာ စနေနေ့မှာ မာဆေးဆိုဒ်ကလပ် အဲဗာတန်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာပါ။ အဲ့ဒီ့ရှုံးပွဲကြောင့် သူတို့ဟာ အဆင့် ၇ နေရာကို ရောက်ခဲ့ပြီး အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ ရှုံးခဲ့တဲ့အပတ်မှာ ထိပ်ဆုံးလေးနေရာ မျှော်လင့်ချက်တွေကို မြှင့်တင်နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ စိတ်မသက်သာစရာ စွမ်းဆောင်ရည်ဟာ မန်စီးတီးနဲ့ လီဗာပူးတို့ပွဲက အရည်အသွေးနဲ့ နှိုင်းယှဉ်ရင် ရစရာမရှိအောင် မွဲပြာကျနေခဲ့တယ်လို့ သရဲနီဟောင်းကြီးက မြင်ပါတယ်။ လီဗာပူးဟာ တနင်္ဂနွေနေ့က စီးတီးကို နှစ်ကြိမ်တိုင် နောက်ကလိုက်ကစားခဲ့ပြီး ၂-၂ သရေကျခဲ့သလို ပရီးမီးယားလိဂ် ၇ ပွဲကျန်ချိန်မှာ ဇယားထိပ်က ဦးဆောင်သူတွေနဲ့ တစ်မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ လက်ရှိ ပရီးမီးယားလိဂ် ထိပ်ဆုံးနှစ်သင်းကြား ကွာဟချက်ကို ပြောရာမှာ ဂယ်ရီနဗီး အနေနဲ့ နှိုင်းယှဉ်စရာတောင် မလုပ်နိုင်ခဲ့ပါဘူး။

“ မန်ချက်စတာ ယူနိုက်တက်အတွက် ပြောစရာ စကားနည်းနည်းပဲ ကျန်တော့တယ်။ ဒေါသထွက်စရာ၊ မှတ်ချက်ပေးစရာလည်း မရှိတော့ပါဘူး။ သူတို့က ဟာသလို ဖြစ်နေပြီ။ ကစားသမားတွေက သူတို့နဲ့အတူ ရက်ဖ်ရန်းနစ်ကိုပါ ဆွဲချနေတာပါ။ သူတို့ တော်တော်ဆိုးတယ်။

မန်စီးတီး၊ လီဗာပူးတို့ကို ကြည့်လိုက်ရင် သူတို့ကစားသမားတွေက နှိမ့်ချတတ်တယ်။ အိုဗာဖြစ်နေတဲ့ အတ္တမာနတွေ မရှိဘူး။ သူတို့ရဲ့ နေရာကို နားလည်တယ်။ အသင်းအတွက် ဦးစားပေးတယ်။ သူတို့နှစ်သင်းထဲ ဝင်ဆံ့နိုင်မယ့် မန်ချက်စတာ ယူနိုက်တက် ကစားသမား တစ်ယောက်မှကို မရှိပါဘူး။

ဘာကြောင်းများ ယူနိုက်တက် အသင်းသားတွေက တကိုယ်ကောင်းဆန်ပြီး အတ္တကြီးနေကြတာလဲ။ အလုပ်ကြိုးစားချင်စိတ် မရှိကြဘူးလား။ ကျွန်တော် ဘာကိုမှ ထပ်မကြည့်ချင်တော့ဘူး ” လို့ နဗီးက ဆိုသွားခဲ့ပါတယ်။