တီကိုနဲ့ မန်စီးတီး – ဘယ်အသင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်မလဲ မိုက်ကယ်အိုဝင် ခန့်မှန်းလိုက်ပါပြီ

မန်ချက်စတာ စီးတီး အသင်း ဟာ ဒီကြားရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် အက်သလက်တီကို မက်ဒရစ်အသင်းကို စပိန်မြေမှာ သွားရောက် ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ကြာသပတေးနေ့၊ နံနက် ၁း၃ဝ နာရီ ပါ။

ပထမအကျော့ မန်ချက်စတာမှာ ကစားသွားစဉ်ကတော့ မန်စီးတီးက အိမ်ကွင်းမှာ အက်သလက်တီကို မက်ဒရစ်ကို ၁-ဝ နဲ့ အနိုင်ယူထားတာပါ။ ဒါပေမယ့် ဆီမီးတက်ဖို့ စိတ်မချရသေးတာကြောင့် ဒုတိယ အကျော့မှာလည်း နိုင်ပွဲယူဖို့ ထပ်မံ ကြိုးစားရဦးမှာပါ။

နာမည်ကျော် တိုက်စစ်မှုး မိုက်ကယ်အိုဝင်ကတော့ အက်သလက်တီကိုနဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က ” ကျနော်က ဒီပွဲကို စောင့်နေတာပါ။ မန်ချက်စတာမှာ ကစားခဲ့တဲ့ ပွဲတုန်းက သိပ်ကြီး အပြတ်အသတ် မဟုတ်ပေမယ့် ၁-ဝ ဆိုတာက အက်သလက်တီကို အတွက် သိပ်မဆိုးလှတဲ့ ရလဒ်ပါ။ သူတို့ ဒီတပတ် ပွဲမှာ အပြတ် လုပ်ရပါလိမ့်မယ်။ အိမ်ကွင်း ဖြစ်တော့ အားပေးမှုကလည်း သိပ်ကောင်းနေလိမ့်မယ်။

အက်သလက်တီကို ဖွင့် ကစားလာမှာက မန်စီးတီးနဲ့တော့ အကိုက် ဖြစ်မှာပဲ။ သွင်းဂိုးတွေ တချို့ မန်စီးတီး ရသွားမှာ မြင်ယောင်နေပါတယ်။ သူတို့ပဲ အသာရသွားမှာပါ။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်က အက်သလက်တီကို မက်ဒရစ် ၁-၂ မန်စီးတီး ဖြစ်ပြီး မန်စီးတီးပဲ ဆီမီးဖိုင်နယ် တက်သွားမယ် လို့ ဆိုထားပါတယ်။

ဆီမြွန်နီရဲ့ အက်သလက်တီကို မက်ဒရစ်ဟာ ပထမအကျော့ ပွဲစဉ်မှာ အများ ဝိုင်းပြောခံရလောက်အောင် ၅-၅-ဝ ကစားကွက်နဲ့ ခံစစ် လုံးဝ ပိတ် ကစားသွားခဲ့တာ ဖြစ်ပြီး ဒီအပတ် ဒုတိယ အကျော့ ပွဲမှာတော့ ဆီမီးတက်ချင်ရင် အနိုင် ကစားရမှာ ဖြစ်တာကြောင့် ဘတ်စ်ကားကွက်ကို ဖျက်ရဦးမှာ ဖြစ်ပါတယ်။