ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ့် အသင်းကို ပေါလ်မာဆန် ထုတ်ပြော
စကိုင်းစပေါ့ သုံးသပ်သူဖြစ်တဲ့ ပေါလ်မာဆန်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားဟာ မန်စီးတီး လက်ထဲမှာဖြစ်ပြီး မန်ချက်စတာကလပ်က ရာသီကုန်လို့ ချန်ပီယံမဖြစ်ရင် ရှော့ခ်ရစရာ ဖြစ်လာပါလိမ့်မယ်လို့ ထုတ်ပြောလာပါတယ်။
အာဆင်နယ် ကစားသမားဟောင်းကတော့ ယူနိုက်တက်၊ စပါးတို့ကို ယှဉ်ပြိုင်ရမယ့် လီဗာပူးထက် မန်စီးတီးက ပွဲပိုချောင်တယ်လို့ မြင်ထားသလို လက်ကျန် ၇ ပွဲလုံးကို မန်စီးတီးတို့ မနိုင်စရာ ဘာအကြောင်းမှ မရှိဘူးလို့ မြင်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က နှစ်သင်း ထိပ်တိုက်တွေ့မှုမှာ သရေရလဒ် ထွက်ပေါ်ခဲ့တာက ဆုဖလား ပြိုင်ပွဲ ဦးဆောင်မှုကို မန်စီးတီးလက်ထဲ လွဲအပ်ခဲ့တာလို့ သူက မြင်ပါတယ်။
ပေါလ်မာဆန်က ” ဘောလုံးရာသီ မပြီးခင်ထိတော့ ဘယ်အသင်းဖြစ်မလဲ မသိနိုင်ပါဘူး။ ဒါပေမယ့် ဒီအနေအထားနဲ့ မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံမဖြစ်ရင် လုံးဝကို ရှော့ခ်ရစရာကြီး ဖြစ်သွားပါလိမ့်မယ်။ သူတို့က သိပ်ကောင်းနေတော့ အဲ့လို မဖြစ်ခဲ့ရင် တကယ့်ကို ရှော့ခ်ရမှာပါ။
မန်စီးတီးကော လီဗာပူးပါ သိပ်ကောင်းကြပါတယ်။ မန်စီးတီးက သူတို့လိုအပ်တဲ့ နိုင်ပွဲကို ရယူနေတာကလွဲလို့ အခြား မမြင်မိဘူး။ သူတို့တွေ ရမှတ်တွေ ဆုံးရှုံးမယ်လို့ မထင်ပါဘူး။
လီဗာပူးက ပိုခက်ခဲတဲ့ ပွဲစဉ်တွေ ပိုင်ဆိုင်ထားတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ လီဗာပူးပွဲတွေကို စီတီးတာ ကစားရမယ်ဆိုရင် ခြားနားသွားမှာပါ။ အန်ဖီးမှာ ယူနိုက်တက်ကို ယှဉ်ပြိုင်ကစားရမှာက ကမ္ဘာအခက်အခဲဆုံးပွဲ မဟုတ်ပေမယ့် အဲ့ပွဲအတွက် အားထုတ်ရမှာပါ။
လီဗာပူးက အိမ်ကွင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲဝင်နေတဲ့ စပါးကို ရင်ဆိုင်ရမယ့်ပွဲလည်း ရှိနေသေးတယ်။ မန်စီးတီးကျ သူ့အိမ်ကွင်းမှာ ဧည့်ခံရမယ့် နှစ်သင်းက ဘရိုက်တန်နဲ့ ဝတ်ဖိုဒ့် ဖြစ်ပါတယ်။ စီးတီးက ပရီးမီးယားလိဂ်ကို အနိုင်ရသွားဖို့ထက် အခြားရလဒ် မမြင်မိပါဘူး။
တနင်္ဂနွေနေ့တုန်းကတော့ အခြေအနေက လီဗာပူး လက်ထဲမှာပါ ဒါပေမယ့် အခုတော့ သူတို့ လက်ထဲမှာ မရှိတော့ပါဘူး။ အကယ်လို့ မန်စီးတီးသာ မရှိရင် လီဗာပူးက အရာအားလုံးကို အနိုင်ရသွားမှာပါ။ အားကစားမှာက ချိန်သားကိုက်မှုဆိုတာ အရေးကြီးပါတယ် ” လို့ သုံးသပ်သွားတာ ဖြစ်ပါတယ်။