ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်းဖြစ်မလဲ လီဗာပူး တိုက်စစ်မှူးဟောင်း ခန့်မှန်း

လီဗာပူး အသင်း နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ ဟက်စကီး က မန်စီးတီး အသင်းဟာ လက်ကျန် ပွဲစဉ် အားလုူံကို အနိုင် ကစားပြီး ပရီးမီးယားလိဂ် ချန်ပီယံ သိမ်းပိုက် သွားလိမ့်မယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

မန်စီးတီး နဲ့ လီဗာပူး အသင်း တို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံ ခဲ့ကြပြီး တစ်ဖက် နှစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့ပါတယ် ။ ဒါကြောင့် မန်စီးတီး အသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေပြီး အဆင့် ၂ နေရာက လီဗာပူးကို ၁ မှတ် ဖြတ်ထားနိုင်ပါတယ် ။

မန်စီးတီး နဲ့ လီဗာပူး နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ ကစားရဖို့ ရှိနေပြီး ၊ လာမယ့် စနေနေ့ မှာလည်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဖြစ် ထိပ်တိုက် တွေ့ဆုံ ရဖို့ ရှိနေပါတယ် ။

လီဗာပူး ရဲ့တိုက်စစ်မှူးဟောင်း ဟက်စကီး က Stats Perform မှာ မန်စီးတီး နဲ့ လီဗာပူး နှစ်သင်းထဲက ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု သိမ်းပိုက်သွားမယ့် အသင်းကို ခုလို ရွေးချယ်ပေးသွား ခဲ့ပါတယ် ။

” တကယ့်ကို ပြောရ ခက်ခဲပါတယ် ၊ လီဗာပူး အသင်းရဲ့ ပွဲစဉ် ဇယားကို ကြည့်ကြည့်တော့ မန်စီးတီး အသင်းထက် အနည်းငယ် ပိုမို ခက်ခဲနေတာကို တွေ့ပါတယ် ၊ မန်စီးတီး အသင်း နဲ့ ပတ်သက်ပြီး ကျွန်တော် အမြဲ ပြောနေကြ စကား ရှိပါတယ် ။ ”

” မန်စီးတီး အသင်းက အသင်းတွေကို ခြောက်ဂိုးပြတ် ၇ ဂိုးပြတ် သွင်းရင် သွင်းသလို မထင်မှတ်ဘဲ ၁-၀ နဲ့ ရှုံးရင်လည်း ရှုံးပါတယ် ။ လီဗာပူး နဲ့ သရေကျသလို သရေကျတာမျိုးတော့ တော်တော်လေး ရှားပါတယ် ၊ တကယ် ရှားတာပါ ။ ”

” မန်စီးတီး အသင်း နောက်ထပ် ရှုံးပွဲတွေ တွေ့လိမ့်မယ်လို့ ကျွန်တော်ကတော့ မမြင်ပါဘူး ။ လီဗာပူးသာ မန်စီးတီးကို နိုင်ခဲ့ရင် ချန်ပီယံဆု ရဖို့ လီဗာပူးမှာ ၆၀-၄၀ အခွင့်အရေး ရှိတယ်လို့ ပြောမှာပါ ။ ”

” ဒါပေမယ့် သရေရလဒ် ထွက်ပေါ် သွားခဲ့ပါတယ် ၊ ဒါကြောင့် ပရီးမီးယားလိဂ် ဖလားကြီးကို မန်စီးတီးကိုပဲ ပေးရတော့မှာပါ ၊ သူတို့ လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ ကြုံရလိမ့်မယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။