မန်စီးတီးကို ဘာများ အကြံပေးချင်သလဲ မေးခွန်းမှာ တစ်ခွန်းဖြေပြီး ထထွက်သွားတဲ့ ဆီမြွန်နီ

အက်သလက်တီကို မက်ဒရစ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ စပိန်မြေမှာ ညက ကစားသွားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်ကတော့ ပြောစရာတွေ တပုံတပင် ဖြစ်ခဲ့ပါတယ်။

ပွဲက ဂိုးမရှိ သရေကျသွားပေမယ့် ပထမအကျော့ နိုင်ပွဲရထားတဲ့ မန်စီးတီးကပဲ နှစ်ကျော့ပေါင်းရလဒ်နဲ့ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပါတယ်။ ညကပွဲကတော့ ကာယအားပြုပြီး ကြမ်းခဲ့ကြတာကြောင့် အဝါကတ်တွေ ပလူပျံခဲ့တဲ့ ပွဲလည်း ဖြစ်သလို ပွဲ အပြီးမှာလည်း နှစ်ဖက် ကစားသမားတွေ ဥမင်ထဲ အချင်းများခဲ့ကြပါသေးတယ်။

ဒုတိယ အကျော့ ဂိုးမရှိသရေ ပွဲမှာ မန်စီးတီးက ပြန် ပိတ်ဆို့ ကစားသွားခဲ့ဟန်က တီကို စတိုင် ကစားသွားသလို ဖြစ်မနေဘူးလား၊ ဘယ်လို သဘောရသလဲ လို့ အက်သလက်တီကို နည်းပြ ဆီမြွန်နီ တစ်ယောက် ပွဲပြီး အင်တာဗျူးမှာ မေးခွန်းထုတ်ခံခဲ့ရပြီး အခုလို တုန့်ပြန်ခဲ့ပါတယ်။

” ဘောလုံးမှာက မတူတဲ့ ကစားဟန်တွေ အများကြီးကို ရှိတယ် ကျနော်ထင်တယ်။ ဒီတော့ ကျနော်တို့ ပြိုင်ဘက် ကစားတာ ကောင်း၊ မကောင်း။ ဘယ်လို ဘောလုံးစတိုင်မျိုး သူတို့ ကစားလဲ ဆိုပြီး ကျနော်က အကဲဖြတ်ရမယ့် နေရာမှာ မရှိပါဘူး။

ဒါတွေက ခင်ဗျားတို့ (ဂျာနယ်လစ်တွေ) အလုပ်ပဲ။ လူတိုင်းက ဘောလုံးနဲ့ ပတ်သတ်ပြီး ကိုယ့်အမြင်နဲ့ ကိုယ် ရှိကြတယ်။ ကျနော်တို့ကတော့ ကိုယ့်ကိစ္စ ကိုယ်တွေးဖို့ပဲ ရှိတာ။ ” လို့ တုန့်ပြန်သွားခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်ကို အနိုင်ယူ ကျော်ဖြတ်သွားတဲ့ မန်စီးတီးဟာ ဆီမီးဖိုင်နယ် အဆင့်မှာ မက်ဒရစ် မြို့ခံ တစ်သင်းပဲ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

စပိန်ဂျာနယ်လစ် တစ်ဦးက စီးတီးနဲ့ တွေ့ရမယ့် ရီးရဲလ်မက်ဒရစ်ကို ဘယ်လို အကြံတွေများ ပေးချင်သလဲ လို့ မေးခွန်းထုတ်ခဲ့ပြန်ပါတယ်။ ထိုမေးခွန်းကို ဆီမြွန်နီက အတော် သဘောမကျ ဖြစ်သွားပုံ ရခဲ့ပြီး ခုလို တုန့်ပြန်ခဲ့ပါတယ်။

” နိုးပါ။ အဲဒီလိုလည်း ကျနော် ဘယ်တော့မှ လုပ်ရဲမှာ မဟုတ်ဘူး။ ” လို့ ပြောဆိုပြီး ပွဲပြီး ရှင်းလင်းပွဲကို အဆုံးသတ်ကာ အာဂျင်တိုင်းသားကြီးက ထ ထွက်သွားခဲ့ပါတယ်။