အက်သလက်တီကိုနဲ့ မန်စီးတီးတို့ရဲ့ ရန်ပွဲက ဘာတွေ ဆက်ဖြစ်ခဲ့ကြတာလဲ
အက်သလက်တီကို အသင်းနဲ့ မန်စီးတီး အသင်းတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ ကွင်းတွင်းမှာကော ပွဲအပြီးမှာပါ ရန်ပွဲတွေ ဆက်ခဲ့ကြပါတယ်။
ဒီပွဲဟာ ဂိုးမရှိသရေကျခဲ့ပေမယ့် မန်စီးတီး အသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၁-၀ နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။ ဒုတိယပိုင်းမှာ အက်သလက်တီကိုက ဖိကစားနိုင်ပေမယ့် သွင်းဂိုးရဖို့တော့ မတတ်နိုင်ခဲ့ပါဘူး။ ဒီပွဲရဲ့ပွဲပြီးခါနီးမှာ အသလက်တီကို နောက်ခံလူ ဖိလစ်ပီက ဖိုဒန်ကို ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခဲ့ရာက ရန်ပွဲက စတင်ခဲ့ပါတယ်။
ဆာဗစ်က ဖိုဒန်ကို ကွင်းပြင် ဆွဲထုတ်ရာမှာ ကစားသမားတွေ ပြဿနာတွေဖြစ်ခဲ့ပြီး အဲ့ဒီအချိန်ကစပြီး နှစ်ဖက်အသင်းသားတွေပါ ပါဝင်လာတဲ့ ရန်ပွဲက အကြီးအကျယ် ပြဿနာဖြစ်ပွားခဲ့တာပါ။ ရန်ပွဲအတွင်း ဆာဗစ်ဟာ စတာလင်ရဲ့ခေါင်းကို တိုက်ခဲ့သလို ဂရီလစ်ရှ်ရဲ့ ဆံပင်ကိုပါ ဆွဲခဲ့တာဖြစ်ပါတယ်။
အဲ့ဖြစ်ရပ်အတွက် ဆာဗစ်၊ အကီတို့ အဝါကဒ် ပြသခံခဲ့ရသလို ဖိလစ်ပီကတော့ နောက်ထပ် အဝါနဲ့ ထုတ်ပယ်ခံခဲ့ရတယ်။ ဒီပြဿနာတွေဟာ ပွဲအပြီး ဥမင်လှိုဏ်ခေါင်းထဲ ဝင်ရာမှာလည်း ဆက်ဖြစ်နေခဲ့ပြီး ဆာဗစ် ဟာ ဂရီလစ်ရှ် ကို ထပ်မံ စိန်ခေါ်ခဲ့တာပါ။ ဒါ့အပြင် အသလက်တီကို နောက်ခံလူ ဗာဆယ်ကို က မန်စီးတီး နောက်ခံလူ လာပေါ်တေး ကို ဂိုးသမား လက်အိတ်တွေနဲ့ ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဗာဆယ်ကို ဟာ မန်စီးတီး တစ်သင်းလုံးကို စိန်ခေါ်နေတာကြောင့် တံတွေးပါ ထွေးခဲ့တာကြောင့် သူ့ကို မနည်း ထိန်းသိမ်းခဲ့ရတာပါ။ မန်စီးတီး ဘက်မှာလည်း ဂိုးသမား အီဒါဆန်က ဒဏ်ရာရနေတဲ့ ဝေါလ်ကာကို ထိန်းနေရတာဖြစ်ပါတယ်။
ဒီအချိန်မှာ ရဲတပ်ဖွဲ့တာဝန်ရှိသူ အများအပြားဟာ ဒီအခြေအနေကို ထိန်းသိမ်းဖို့ ဥမင်လှိုဏ်ခေါင်းထဲကို ဝင်လာခဲ့ရပြီး နှစ်ဖက် အသင်းသားတွေကို လူစုခွဲပေးခဲ့ရတာပါ။
အက်သလက်တီကို အသင်းဟာ ဒီလိုအပြုအမူတွေကြောင့် ယူအီးအက်ဖ်အေရဲ့ အရေးယူခြင်းကို ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။ မန်စီးတီး အသင်းကတော့ အကြိုဗိုလ်လုပွဲမှာ ရီးရယ်လ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။