မိုက်ကယ်အိုဝင်ရဲ့ ဒီအပတ် မန်စီးတီး v လီဗာပူး တို့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ သုံးသပ်ခန့်မှန်းချက်

ဒီအပတ်မှာ မန်စီးတီး နဲ့ လီဗာပူး တို့က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ အဖြစ် ဝင်ဘာလေကွင်းကြီးမှာ ယှဉ်ပြိုင် ကစားရဦးမှာပါ။ အဲဒီပွဲအတွက် မိုက်ကယ်အိုဝင် ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က – ” ကျနော်တော့ ဒီပွဲကို မစောင့်နိုင်အောင်ပဲ။ ပြီးခဲ့တဲ့ အပတ်က ပွဲကလည်း အတော် ကောင်းခဲ့တယ်။ ဒီပွဲကလည်း အရင်ပွဲလို ကြည့်ကောင်းဦးမှာပါပဲ။

မန်စီးတီးက ဒီပွဲကို မက်ဒရစ်မှာ ဒရမ်မာဆန်ဆန် ကစားခဲ့ရတဲ့ ပွဲ အပြီး လာရမှာပါ။ ရိုးရှင်းတဲ့ ပွဲ မဟုတ်ခဲ့ပေမယ့် မက်ဒရစ်ကနေ clean sheet နဲ့ ပြန်လာနိုင်တာက တော်တော်ကို အကောင်းမြင်ရမယ့် ကိစ္စပါ။

လီဗာပူးဘက်ကို ကြည့်မယ်ဆိုရင် သူတို့ကလည်း ဘင်ဖီကာနဲ့ ဖျော်ဖြေမှု ရသ အပြည့်ပေးတဲ့ ပွဲ ကစားခဲ့တယ်။ ဒါပေမယ့် အဆုံးမှာတော့ အများ မျှော်လင့်ထားသလိုပဲပေါ့။ ကလော့ပ်က သူ့ကစားသမား တချို့ကိုတောင် အနားပေးနိုင်ခဲ့တယ်။ လာမယ့် ပွဲတွေ ဘယ်လောက် အရေးကြီးတယ် ဆိုတာ ထည့်တွက်ရင် ဒါက ဘောနပ်စ် ကြီးကြီးပါပဲ။

ပြီးခဲ့တဲ့ အပတ်က ပွဲမှာ တိုက်စစ်က သုံးယောက်ရဲ့ ရွေ့လျားမှုတွေက စီးတီးကို ပြဿနာ အတော် ပေးနိုင်ခဲ့တယ်။ သူတို့က မန်စီးတီးရဲ့ high line ကို ဝင်မွှေနေခဲ့တာပါ။

ဗုဒ္ဓဟူးနေ့မှာ ပွဲကြမ်း တစ်ပွဲ ကစားပြီး လီဗာပူးကို လာရင်ဆိုင်ရမှာက စီးတီး အတွက် ကံပါပဲ။ အဲဒီပွဲမှာ ကစားသမား ထိခိုက် ဒဏ်ရာ တချို့လည်း ရှိခဲ့တယ်။ ကျနော် ဒီပွဲမှာ လီဗာပူးကို နည်းနည်း အသာပေးချင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်စီးတီး ၁-၂ လီဗာပူး ဖြစ်ပါတယ်။ ပွဲကစားမယ့် အချိန်ကတော့ မနက်ဖြန် စနေနေ့ည ၉ နာရီ ဖြစ်ပါတယ်။