ဒီရာသီ အမှတ်ပေးချန်ပီယံဖြစ်မယ့် အသင်းကို တွက်ချက်သွားတဲ့ စူပါကွန်ပြူတာ
ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် ၇ ပွဲ အလိုမှာ ဒီရာသီ အမှတ်ပေးချန်ပီယံ ဖြစ်မယ့် အသင်းကို စူပါကွန်ပြူတာက ခန့်မှန်းပေးသွားခဲ့ပြီး ထူးထူးခြားခြားအဖြစ် လိဂ်ဦးဆောင်သူ မန်စီးတီးကို ကျော်ပြီး လီဗာပူးက ထိပ်ဆုံးရောက်လိမ့်မယ်လို့ တွက်ချက်သားပါတယ်။
မန်ချက်စတာစီးတီးဟာ လက်ကျန် ၇ ပွဲ အလိုမှာ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်လျက် ရှိနေပေမယ့် ပက်ဂွာဒီယိုလာရဲ့ အသင်းကို ဗိုလ်စွဲနိုင်ရန် ၄၅% ပဲ ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း စူပါကွန်ပြူတာဟာ လီဗာပူး အသင်းကို ဒီရာသီ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်ကာ ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး ၅၅% ပေးသွားခဲ့ပါတယ်။
လီဗာပူးဟာ လက်ကျန် ပွဲစဉ်တွေမှာ မန်စီးတီးထက် ပွဲကျပ်ပေမယ့်လည်း မန်စီးတီး လက်ထဲကနေ ချန်ပီယံ ဆုဖလားကို လွဲပြောင်းရယူသွားလိမ့်မယ်လို့ ဒီစနစ်က တွက်ချက် ခဲ့ပါတယ်။
စူပါကွန်ပြူတာဟာ ဒီရာသီ ဘယ်အသင်း အမှတ်ပေးဖလားကို ရသွားလိမ့်မယ်ဆိုတာ ကိုပဲ ခန့်မှန်း သွားခဲ့တာ မဟုတ်ပါဘူး။ ရင်ခုန်စရာ ကောင်းနေဆဲ ဖြစ်ပေမယ့် top 4 race ကိုလည်း ခန့်မှန်း သွားခဲ့ပြီး အမှတ်ပေးဖလားကို လုနေတဲ့ မန်စီးတီး နဲ့ လီဗာပူး တို့ကိုတော့ top 4 ဝင်ဖို့ ၁၀၀% ပေးသွားခဲ့ကာ တတိယ နေရာက ချဲလ်ဆီးကို နောက်ရာသီ ချန်ပီယံလိဂ်မှာ ကစားခွင့် ရနိုင်မယ့် အခွင့်အရေး ၉၉% ပေးခဲ့ပါတယ်။
အဆင့် ၄ နေရာ အတွက်သာ အဓိက တိုက်ပွဲဝင်နေကြတာ ဖြစ်ပြီး ဒီနေရာ အတွက် တော့တင်ဟမ် အာဆင်နယ် မန်ယူနိုက်တက် နဲ့ ဝက်ဟမ်း တို့က အပြိုင်လုနေကြပါတယ်။ စူပါကွန်ပြူတာဟာ အဆင့် ၄ နေရာမှာ ၅၇ မှတ်နဲ့ ရပ်တည်နေတဲ့ တော့တင်ဟမ်ကို top 4 ဝင်ဖို့ အတွက် ၅၉% အခွင့်အရေး ပေးထားပြီး စပါးနဲ့ တစ်ပွဲလျော့ ၃ မှတ်အကွာမှာ ရှိနေတဲ့ အာဆင်နယ်ကို ၄၀% ပေးထားပါတယ်။
တော့တင်ဟမ်နဲ့ ၆ မှတ်ကွာဟနေကာ နောက်ပိုင်းမှာ ပုံစံကောင်းပျောက်ပြီး အဆင့် ၇ နေရာထိ ကျဆင်းသွားခဲ့တဲ့ မန်ယူနိုက်တက်ကိုတော့ ၂% သာ ပေးထားခဲ့ပြီး ဝက်ဟမ်းကိုတော့ ၁% အောက်သာ chance ပေးခဲ့ပါတယ်။ ဂန်းနားတို့ အနေနဲ့ အဆင့် ၄ နေရာ အတွက် ရေပန်းစားနေခဲ့ပေမယ့်လည်း နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲထိ ရှုံးနိမ့်ခဲ့မှုဟာ ချန်ပီယံလိဂ် မျှော်လင့်ချက်ကို ထိခိုက်စေခဲ့ပါတယ်။