ပရီးမီးယားလိဂ် တစ်ခုလုံး မနာလိုဖြစ်ရမယ့် ခေါ်ယူမှုကြီးအတွက် ပြင်ဆင်နေတဲ့ မန်စီးတီး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အခိုင်အမာ ဆုံးဖြတ်ထားပြီဖြစ်ပါတယ်။

လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို မြင့်မားတဲ့ အသုံးစရိတ်နဲ့ကို ခေါ်ယူသွားမှာဖြစ်တယ်။ မန်ချက်စတာ စီးတီးဟာ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း အဖြစ် သတ်မှတ်ခံထားရပေမယ့် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ထိပ်တန်း တိုက်စစ်မှူး ရှိမနေခြင်းကို ထောက်ပြခံရမှုတွေ ရှိနေပါတယ်။

လက်ရှိ မန်စီးတီးမှာ အထောင်တိုက်စစ်မှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားကလည်း ဂါဘရီရယ် ဂျီးဆပ် တဦးထဲသာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ပွဲပေါင်းများစွာမှာ လူငယ်ကြယ်ပွင့် ဖိုဒန်ကို အထောင်တိုက်စစ်နေရာက အသုံးပြုနေရတာပါ။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးက ယခုနှစ် ဘောလုံးရာသီ အစမှာ စပါးနဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း အထိ ပေးချေကာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် စပါးဘက်က ဟယ်ရီကိန်းကို ရောင်းချဖို့ ငြင်းဆန်ခဲ့တာကြောင့်သာ ထိပ်တန်း အထောင်တိုက်စစ်မှူး စစ်စစ် မရှိပဲ ယခုနှစ် ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ဂွာဒီယိုလာရဲ့ တောင်းဆိုမှုကြောင့် မန်ချက်စတာ စီးတီးက ဟာလန်းကို ရအောင် ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းလာကြောင်း အတည်ပြုပေးခဲ့ပြီး မန်ချက်စတာ စီးတီးဘက်က ဟာလန်းကို သူ လိုချင်တဲ့ လုပ်ခလစာ ၊ လက်မှတ်ထိုးကြေး ၊ အေးဂျင့်ခ အားလုံးကို ပေးဖို့ ခေါင်းညိတ်ထားကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသူဖြစ်တယ်။

ဟာလန်းကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ဒေါ့မွန်ကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅သန်းပဲ ပေးရမယ်ဆိုပေမယ့် သူ့အတွက် လက်မှတ်ထိုးကြေး ပေါင် သန်း ၂၀ နဲ့ အေးဂျင့်ခ ယူရို သန်း ၇၀ ကို ထပ်ဆောင်းပေးရမှာပါ။ ဒါ့အပြင် လုပ်ခကလည်း တစ်နှစ်ကို ယူရို သန်း ၃၀ နှုန်းနဲ့ ၅ နှစ်အတွက် ယူရို သန်း ၁၅၀ ပေးရမှာဖြစ်တယ်။

ဟာလန်းရဲ့ အပြောင်းအရွှေ့ဟာ ပရီးမီးယားလိဂ်မှာတော့ တန်ကြေး အကြီးမားဆုံး ခေါ်ယူမှု တစ်ခု ဖြစ်လာဖို့ ရှိနေပြီး ဂွာဒီယိုလာကတော့ အာလင်း ဟာလန်းကို ရအောင် ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားကြောင်း သိရှိရတာဖြစ်ပါတယ်။