ဂိုးသမား စတက်ဖန် လုပ်မိတဲ့ အမှားမျိုးက အလီဆွန် လည်း လုပ်တတ်ပါတယ်လို့ ကလော့ပ် ပြော
မန်စီးတီး နဲ့ လီဗာပူး တို့ ညက ကစားသွားတဲ့ အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ်ကတော့ လီဗာပူး ၃-၂ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ လီဗာပူး ဟာ ပထမပိုင်းမှာတင် မာနေး ၊ ကိုနာတေး တို့ရဲ့ သွင်းဂိုးတွေ နဲ့ ၃ ဂိုးပြတ် ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ မန်စီးတီး က ၂ ဂိုး ပြန်သွင်းသွားတဲ့ အတွက် ၃-၂ရလာဒ် နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။
စီးတီးနည်းပြ ပက် ဂွာဒီယိုလာ ဟာ ချန်ပီယံလိဂ် အဝေးကွင်းမှာ အကြိတ်နယ် ကစားထားရတဲ့ အတွက် သူ့ရဲ့ ကစားသမား စာရင်းကို အပြောင်းအလဲတွေ လုပ်ကာ ပွဲထွက်ခဲ့ပါတယ်။ အထူးသဖြင့် ဂိုးသမား အီဒါဆင် ကို အနားပေးပြီး အရန်ဂိုးသမား စတက်ဖန် ကို အသုံးပြုခဲ့တာက ဒီပွဲ အတွက် ပြောစရာ အနေအထား တစ်ခု ကျန်သွားခဲ့ပါတယ်။
မာနေး သွင်းယူခဲ့တဲ့ ပထမ ဂိုးဟာ စတက်ဖန် ရဲ့ နှောင့်နှေးနေမှုကနေ အတင်း ဝင်လုံး ရင်းနဲ့ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အရန်ဂိုးသမားဟာ ပွဲအစောပိုင်းမှာ ကတည်းက က ဖိအားတွေ များသွားခဲ့ရပြီး ပွဲပြီး ဝေဖန်မှုတွေလည်း များခဲ့ပါတယ်။
လီဗာပူး နည်းပြ ကလော့ပ် ကတော့ ဂိုးသမား စတက်ဖန် အပေါ် ဝိုင်းပြီး အပြစ်တင်နေမှာထက် ဒါက ဂိုးသမားတွေ လုပ်တတ်တဲ့ အမှား တစ်ခုပါပဲလို့ ဖြေလျှော့ ပြောဆိုသွားခဲ့ပါတယ်။
“ မာနေး ပထမဂိုး သွင်းယူလိုက်တဲ့ ပုံစံကို သဘောကျပါတယ်။ ဒါပေမယ့် ဂိုးသမား ကို ဝိုင်းပြီး ဝေဖန်ကြတော့မှာမို့ သိပ် မကြိုက်ပါဘူး။ ဘာလို့လဲ ဆိုတော့ အဲဒီ အခြေနေမျိုးကို စတက်ဖန် က ကိုင်တွယ်နိုင်စွမ်းရှိပါတယ်။ အီတီဟတ်မှာ ကစားတုန်းက အီဒါဆင်လိုမျိုးပေါ့။
ဘောလုံးမှာ ဒါမျိုးတွေ က ဖြစ်တတ်ပါတယ်။ အလီဆွန် ဆိုရင်လဲ အဲဒီလို အခိုက်အတန့်တွေ ရှိတာပါပဲ။ ဂိုးသမား တစ်ယောက် အနေနဲ့ အသင်းနဲ့ ဟန်ချက်ညီညီ လိုက်ပြီး ကစားချင်တယ် ဆိုရင် ဒါတွေက ဖြစ်ဦးမှာပါ။
ဒါပေမယ့် မာနေး ရဲ့ ပြေးထွက်သွားတဲ့ အမြန်နှုန်း နဲ့ ပြင်းပြတဲ့ ဆန္ဒတွေက အဲဒီနား ကို ချက်ချင်း ရောက်သွားတာလို့ပဲ ဆိုချင်ပါတယ်။ ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။