ဂွာဒီယိုလာရဲ့ စတန့်ထွင်ပေါက်တွေကို ထောက်ပြခဲ့တဲ့ အလန်ရှီးယားနဲ့ ဂျွန်တယ်ရီ

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်ချက်စတာ စီးတီးက လီဗာပူးကို ရှုံးနိမ့်ခဲ့ရတာဟာ နည်းပြ ပပ် ဂွာဒီယိုလာရဲ့ စတန့်ထွင်မှုကြောင့် ဖြစ်ကြောင်း ဝေဖန် သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လီဗာပူး အသင်းက တိုက်စစ်မှူး မာနေးရဲ့ ခြေစွမ်းပြမှုနဲ့အတူ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ ဂွာဒီယိုလာရဲ့ လူထုတ်ပုံက မေးခွန်းထုတ်စရာ ဖြစ်ခဲ့တာပါ။ ဒီလိုပွဲမှာ ဂိုးသမားအဖြစ် အီဒါဆန်အစား အရန်ဂိုးသမား စတီဖန်ကို ထုတ်သုံးခဲ့ပြီး သူ့ရဲ့အမှားကြောင့်ပဲ လီဗာပူး တိုက်စစ်မှူး မာနေးက သွင်းဂိုး တဂိုးကို ခပ်လွယ်လွယ် သွင်းယူနိုင်ခဲ့ပါတယ်။

ချယ်ဆီးခံစစ်မှူးဟောင်း ဂျွန်တယ်ရီက “ ခင်ဗျားတို့တွေ ဘာကြောင့် ကိုယ့်ရဲ့ အကောင်းဆုံး ကစားသမားတွေကို အနားပေးတာမျိုး ၊ အလှည့်ကျစနစ်နဲ့ သုံးစွဲတာမျိုးကို မလုပ်သင့်ဘူးလဲ ဆိုတာ ဒီပွဲက သက်သေပါပဲ။ ကိုယ့်ရဲ့ အကောင်းဆုံးအသင်း ၊ အင်အားအတောင့်ဆုံး လူစာရင်းကို သုံးပြီး ပွဲတွေကို ကစားပါ” လို့ ဝေဖန် သုံးသပ်သွားခဲ့တာပါ။

ပရီးမီးယားလိဂ် တိုက်စစ်သမားဟောင်း အလန်ရှီးယားရား ကလည်း လီဗာပူးကို ရှုံးခဲ့တဲ့ ပွဲစဉ်မှာ ပက်အနေနဲ့ လူစားလဲမှုကို စောစော မလုပ်ခဲ့တဲ့ အတွက် အံ့အားသင့်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။

ရှီးယားရားက “ဒီပွဲနဲ့ ပက်သက်ပြီး ကျွန်တော် အံ့အားသင့်မိတဲ့ အရာ တစ်ခုကတော့ ပက်အနေနဲ့ လူစားလဲမှုကို စောစောစီးစီး မလုပ်ခဲ့တာပါပဲ။ သူတို့ဟာ ဒုတိယပိုင်းမှာ အများကြီး ပိုကောင်းအောင် တိုက်ပွဲဝင်ခဲ့ပေမယ့်လည်း လီဗာပူးဟာ နောက်တဆင့်ကို တက်ဖို့ ထိုက်တန်ပါတယ်။

ကလော့ဟာ လူရွေးချယ်မှုပိုင်းမှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ရပြီး ဒါဟာ ဒီပွဲကို အနိုင်ရဖို့ အတွက် အကူအညီ ဖြစ်ခဲ့ပါတယ်။ သူဟာ နံပါတ်တစ် ဂိုးသမားကို အသုံးပြုခဲ့ပေမယ့် စီးတီးကတော့ ဒီလို မလုပ်ခဲ့ပါဘူး။ ဂိုးသမားဟာ ဒီပွဲကို ရှုံးနိမ့်စေလောက်တဲ့ အမှားတွေကို လုပ်သွားခဲ့ပေမယ့် အလီဆွန်ကတော့ အရမ်းကောင်းတဲ့ ကာကွယ်မှု ၂ ခု လုပ်ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဗိုလ်လုပွဲမှာတော့ လီဗာပူးက ချယ်လ်ဆီးနဲ့ ပဲလေ့စ်တို့ ပွဲစဉ်မှာ အနိုင်ရရှိတဲ့ အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။