ရာသီကုန်မှ ဘယ်သူသာသွားလဲ ပြောလို့ရမယ့် မန်စီးတီးနဲ့ လီဗာပူးရဲ့ တကယ့် ပြိုင်ဆိုင်မှု
ပက် ဂွါဒီယိုလာရဲ့အသင်းဟာ စနေနေ့ညနေက ဝင်ဘလေမှာ လီဗာပူးလ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဖလား ၃ လုံး မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းထက် ကောင်းမွန်တဲ့ပုံစံနဲ့ ရာသီကို အဆုံးသတ်နိုင်ဆဲဖြစ်ပါတယ်။
စနေနေ့ညနေပွဲစဉ်က ပထမပိုင်းဟာ ဂွါဒီယိုလာလက်ထက်မှာ မန်ချက်စတာစီးတီး ကစားခဲ့ဖူးသမျှထဲမှာ အဆိုးရွားဆုံး ပထမပိုင်းဖြစ်ခဲ့ပြီး လီဗာပူးလ်ကို ၃-၀ နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ ဒီရာသီ ဖလား ၃ လုံးမျှော်လင့်ချက်ဟာ လေထဲမှာ ပျောက်ကွယ်ခဲ့ရပြီဖြစ်ပေမယ့် လီဗာပူးလ်ရဲ့ ဖလား ၄ လုံး မျှော်လင့်ချက်ကတော့ လမ်းကြောင်းပေါ်မှာ ရှိနေပါသေးတယ်။
ဒါပေမယ့် ဒီနှစ်သင်း ဘယ်သူ တကယ် အသာရသလဲ ဆိုတာက ပြောဖို့ စောနေသေးပြီး ရာသီကုန်မှ ပြတ်သားတဲ့ အဖြေ ထွက်လာနိုင်မှာပါ။
မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က အစ်တီဟတ်မှာ လီဗာပူးလ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁ မှတ်အသာနဲ့ ရပ်တည်နေဆဲဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း မီးဖိုင်နယ်အဆင့်အထိ တက်လှမ်းထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ ဝင်ဘလေမှာ ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲစဉ်အတွက် ကစားသမား ၇ ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဒဏ်ရာရနေတဲ့ ကိုင်လီ ဝေါ်ကာ၊ ဒီဘရိုင်းနားတို့ကလည်း အဲဒီ ၇ ဦးထဲမှာ အပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။
တစ်ဖက်မှာတော့ လီဗာပူးလ်အသင်းက ဘင်ဖီကာနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ကြယ်ပွင့် ကစားသမားအချို့ကို အနားပေးခဲ့ပြီးနောက် ဝင်ဘလေမှာ လူစုံထုတ်လာခဲ့တာဖြစ်ပါတယ်။ အသင်း ၂ သင်းကြားမှာ တူညီတဲ့ အချိန်ပမာဏရခဲ့တာတောင်မှပဲ ကြိုတင်ပြင်ဆင်မှုမှာ ကွာခြားခဲ့ပြီး အထူးသဖြင့် ပထမပိုင်း ကစားပုံက သက်သေပြသခဲ့တာဖြစ်ပါတယ်။
ရာသီကုန်တဲ့အထိ တစ်ပတ်ကို ၂ ပွဲ ပုံမှန် ကစားသွားရမှာဖြစ်တာကြောင့် မန်စီးတီးအတွက် လက်ရှိမှာတော့ အနားယူစရာအချိန်မရှိတော့ဘဲ မန်စီးတီးရော လီဗာပူးလ်ပါ ထပ်တွေ့ဖို့ မရှိတော့ပေမယ့်လည်း ၎င်းတို့ရဲ့ ပြိုင်ဆိုင်မှုက ရာသီကုန်ထိ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။
ဒါပေမယ့် တကယ်လို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ အသီးသီး နိုင်ပွဲတွေရယူနိုင်ခဲ့မယ်ဆိုရင် ပဲရစ်မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နောက်ထပ်တစ်ကြိမ် အားပြိုင်ရမှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အခုကနေ ရာသီကုန်တဲ့အထိ ပွဲစဉ်တိုင်းကို အနိုင်ရဖို့ လိုအပ်မှာ ဖြစ်ပြီး အဲဒီလိုသာ လုပ်နိုင်ခဲ့မယ်ဆိုရင် ဒီရာသီကို ဖလား ၂ လုံးနဲ့ အဆုံးသတ်နိုင်မှာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ယခုရာသီ လီဗာပူးလ်နဲ့ တွေ့ဆုံခဲ့ရာမှာ နိုင်ပွဲမရခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဂွါဒီယိုလာရဲ့ အသင်း အနေနဲ့ ရာသီရဲ့ နောက်ဆုံးလကို ဝင်ရောက်နေချိန်မှာ ကျန်ရှိနေတဲ့ ပြိုင်ပွဲ ၂ ခုမှာ ဗိုလ်စွဲနိုင်ခဲ့မယ်ဆိုရင် ဖြေသာမှာ ဖြစ်ပါတယ်။