ဟာလန်းနဲ့ မန်စီးတီးတို့ကြား တကယ့် လက်ရှိ အနေအထားကို ဖော်ထုတ်သွားတဲ့ ဒေါ့မွန် အကြီးအကဲ

ဒေါ့မွန်အသင်းရဲ့ အကြီးအကဲ ဆီဘက်စ်တီယန် ခီလ်ကတော့ ၎င်းတု့ိအသင်းတိုက်စစ်မှူး ဟာလန်းနဲ့ မန်စီးတီးအသင်း တို့ကြား ဘယ်လို သဘောတူညီမှုမျိုးမှ မရှိသေးကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဒေးလီးမေးလ် သတင်းဌာန အဆိုအရ ဟာလန်းဟာ လာမယ့် ၂ ပါတ်အကျော်မှာ အသင်းသစ် တစ်သင်း စတင်ရှာဖွေဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်ထားခဲ့သလို ဒေါ့မွန်အသင်းကလည်း ဟာလန်းနဲ့ အဆိုပါ ၂ ပတ်အတွင်း စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်တာကြောင့် အခြေအနေတွေကို ဆက်လက်စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။

အလွတ်ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းထဲနဲ့ အသင်းမှ ထွက်ခွါခွင့်ရထားတဲ့ ဟာလန်းနဲ့ ပတ်သက်ပြီး ဆီဘက်စ်တီယန် ခီလ်က အခုလို ထုတ်ဖော် ပြောဆိုလာပါတယ်။

“ ကျွန်တော်တို့နဲ့ ဟာလန်းအကြားမှာ စာချုပ်ဖြတ်သိမ်းကြေး ထည့်သွင်းချုပ်ဆိုထားကြပါတယ်၊ ဒါကလည်း မကြာခင် အတွင်း သက်တမ်းကုန်ဆုံးတော့မယ်ဆိုတာကို ခင်ဗျားတို့လည်း သိထားကြပြီးသားပါ၊ မြန်နိုင်သမျှ အမြန်ဆုံး ဆုံးဖြတ်ချက်တွေ ချသွားဖို့လည်း ကျွန်တော်တို့ ဆန္ဒရှိနေကြပါတယ်၊ သူနဲ့ အခြား ဘယ်အသင်းမှလည်း သဘောတူညီမှုတွေ မရှိထားကြသေးပါဘူး ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းရဲ့ လက်ရှိ စာချုပ်ဖြတ်သိမ်းကြေး ပေါင် ၆၃ သန်းဟာ သိပ်မကြာခင် အချိန်အတွင်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဒေါ့မွန်အသင်းကလည်း စာချုပ်ဖြတ်သိမ်းကြေးကို အဆမတန်မြင့်မားစွာနဲ့ ထပ်မံ သက်တမ်းတိုးဖို့ ကြိုးစားနေတာပါ။

ဒီအခြေအနေမှာ မန်စီးတီး၊ ပီအက်စ်ဂျီ၊ ရီးရဲလ် စတဲ့ အသင်းတွေက ဟာလန်းရဲ့ လက်ရှိ စာချုပ်ဖြတ်သိမ်းကြေး ပေါင် ၆၃ သန်းနဲ့ အမှီ ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ် သတင်းစာတွေအရ မန်စီးတီးအသင်းဟာ ဟာလန်းကို တစ်ပါတ်လုပ်ခ ပေါင် ၅သိန်းအထိ ပေးချေသွားဖို့ ရှိနေသလို လက်မှတ်ထိုးခအတွက်လည်း မက်မော်လောက်တဲ့ ပမာဏတွေ အသုံးပြုသွားမှာ ဖြစ်တာကြောင့် ဖခင်ဖြစ်သူ မန်စီးတီး ကစားသမားဟောင်း အယ်လ် အင့်ဂ်နဲ့ အေးဂျင့် ရွိုင်းအိုလာတို့က မန်စီးတီးအသင်းဘက်ကို ပိုမို အားသန်နေကြတာ ဖြစ်ပါတယ်။

ဟာလန်းဟာ ဒေါ့မွန်အသင်းထံ ရောက်ရှိလာပြီးကတည်းက ပါဝင်ကစားခဲ့တဲ့ လိဂ်ပွဲ ၅၅ ပွဲမှာ သွင်းဂိုး ၅၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူ တစ်ယောက်ဖြစ်ပြီး နော်ဝေ လက်ရွေးစင် အသင်းအတွက်တော့ ၁၇ ပွဲ ကစား ၁၅ ဂိုး အထိ သွင်းယူထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။