ဒီရာသီ ပရီးမီးယားလိဂ်ကော ချန်ပီယံလိဂ်ကိုပါ မန်စီးတီး အပိုင်သိမ်းမယ်လို့ ဂရီလစ် ဖွင့်ပြော

မန်စီးတီး တိုက်စစ်သမား ဂရီလစ်က အက်ဖ်အေဖလားကနေ ထွက်ခွာခဲ့ရပေမယ့် ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို အောင်မြင်ဖို့ မျှော်လင့်ထားသေးကြောင်း ထုတ်ပြောလာပါတယ်။

လီဗာပူးနဲ့ပွဲမှာ ပြိုင်ဘက်ရဲ့ ပထမပိုင်း ခြေစွမ်းကို မယှဉ်နိုင်ခဲ့ဘဲ ၃ ဂိုး ပေးခဲ့ရတဲ့ မန်စီးတီးဟာ ဒုတိယပိုင်းမှာ ပြန်လာနိုင်ပေမယ့် တတိယမြောက် ခြေပဂိုးကို မယူနိုင်ခဲ့ပါဘူး။ ဂရီလစ်ကတော့ အရှုံးမှာ နစ်မြုပ်နေလိုခြင်း မရှိဘဲ ပါဝင်ယှဉ်ပြိုင်နေဆဲ ပြိုင်ပွဲနှစ်ရပ်မှာ ချန်ပီယံဖြစ်ဖို့ မျှော်လင့်နေပါတယ်။

ဂရီလစ်က ‘ ကျနော်တို့ရဲ့ အဝတ်လဲခန်းထဲကို ကြည့်မယ်ဆိုရင် အရည်အချင်းကောင်းတွေ၊ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတာကို မြင်ရပါလိမ့်မယ်။ လိဂ်ရဲ့ ဘယ်အသင်းမဆို ကျနော်တို့ အဝတ်လဲခန်းလိုမျိုး အနေအထား မရှိပါဘူး။

ကျနော်တို့ရဲ့ စွမ်းဆောင်ရည်၊ ကျနော်တို့ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲနဲ့ လိဂ်မှာ ရောက်နေတဲ့ အဆင့်အတန်းကပဲ ဘယ်လိုအသင်းဆိုတာကို ပြောနေပါလိမ့်မယ်။ ကိုယ်ဘာသာ အကောင်းဆုံး ကြိုးစားပြီး ဆက်လက် ယှဉ်ပြိုင်ရပါမယ်။ ရာသီအကုန်မှာတော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို ကျနော်တို့ အနိုင်ရမယ်လို့ မျှော်လင့်ထားပါတယ် ‘ လို့ ဆိုခဲ့တယ်။

ဒုတိယပိုင်း အစမှာတင် ဂရီလစ်ရဲ့ ခြေပဂိုးဟာ လီဗာပူးကို စိတ်ရှုပ်စေခဲ့ပါတယ်။ နောက်ထပ် ခြေပဂိုးကို မိနစ် ၉၀ မှာ ဘာနာတိုက သွင်းယူခဲ့တာဖြစ်ပြီး ၄ မိနစ်လောက်အတွင်း လီဗာပူးခံစစ်ကို အတော်လေး ဒုက္ခပေးခဲ့ပေမယ့် နောက်ကျသွားခဲ့ပါတယ်။

ပွဲနဲ့ပတ်သက်လို့ ဂရီလစ်ကပဲ ‘ ကျနော် ဒီနေရာမှာ ထိုင်နေတာက ဆင်ခြေပေးဖို့ မဟုတ်ပါဘူး။ ကျနော်တို့ နှေးကွေးခဲ့တယ်လို့ ထင်မိတယ်။ လီဗာပူးကလည်း ကျနော်တို့နဲ့ တူတူပါပဲ။ သူတို့လည်း တူညီတဲ့ အကွာအဝေးလောက်ကိုပဲ ပြီးခဲ့တဲ့ အပတ်တွေက ခရီးထွက်ထားပြီး တူညီတဲ့ ပွဲတွေပဲ ကစားခဲ့တာပါပဲ။

ဒီပွဲမှာ လိုချင်တဲ့ ပထမပိုင်းကို မရခဲ့ဘူး ဒါပေမယ့် ဒုတိယပိုင်းမှာ ပြန်လာနိုင်ခဲ့တယ်။ မန်နေဂျာကလည်း အပြောင်းအလဲ အနည်းငယ် လုပ်ခဲ့ပါတယ်။ လူစားလဲပြီးတဲ့နောက် ကျနော်တို့ ပိုကောင်းလာပေမယ့် အဆုံးသတ်မှာတော့ နည်းနည်းလေး နောက်ကျသွားခဲ့တယ်။

ကျနော်တို့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တွေမှာ ဆက်ကစားဖို့ ရှိနေပါသေးတယ်။ ကြားရက်ပွဲအတွက် ကိုယ်ဘာသာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ် ‘ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ လက်ကျန် ၇ ပွဲ ကစားဖို့ ရှိနေသေးတာပဲ ဖြစ်ပါတယ်။