လက်ရှိမှာ မန်စီးတီးထက် လီဗာပူးက လူအင်အား ပိုတောင့်တင်းနေတယ် လို့ ဂွာဒီယိုလာ ဝန်ခံ
မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာကတော့ လက်ရှိ အချိန်မှာ သူ့အသင်းထက် လီဗာပူးအသင်း လူစာရင်းက တောင့်တင်းတယ်လို့ ပြောဆိုလာခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ပြိုင်ဘက် လီဗာပူးကို ရှုံးပြီး ထွက်ခွာခဲ့ရတာပါ။
ဒီရာသီအတွက် အဆုံးအဖြတ် အခိုက်အတန့်တွေ ဖြစ်လာချိန်မှာ ဂွာဒီယိုလာကတော့ သူ့အသင်းထက် လီဗာပူးက လူအင်အား တောင့်နေတယ် လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
လီဗာပူး လူစာရင်းက ပိုတောင့်တင်းမှု ရှိနေသလား အမေးကို ဂွာဒီယိုလာက ” လက်ရှိမှာ ဟုတ်ပါတယ်။ ကီဗင် (ဒီဘရိုင်း) က မကစားနိုင်ဘူး။ ကိုင်လီ (ဝေါ်ကာ)လည်း မကစားနိုင်သလို ဂွမ်ဒိုဂမ်ကလည်း ဒူးက နောက်ဆက်တွဲ ဒဏ်ရာ ရှိနေသေးတယ်။ အားလုံး ကြံ့ခိုင်မှု အပြည့် ပြန်ကောင်းလာရင်တော့ အဆင်ပြေသွားမှာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိ မန်စီးတီးအသင်းမှာ ပွဲထွက် အတွက် ရွေးချယ်နိုင်တဲ့ စီနီယာ ကစားသမား ၁၇ ယောက်သာ ရှိပြီး နည်းစနစ်ပိုင်း အရ ဒီဘရိုင်း၊ ဝေါ်ကာနဲ့ ဂွမ်ဒိုဂမ်တို့ မပါဝင်နိုင်တာက နည်းပြ အတွက် အကြပ်ရိုက်စရာ ဖြစ်လာ နေပါတယ်။
အားထားရတဲ့ ဗဟိုခံစစ်မှုး ရူဘန် ဒီယက်စ်ကလည်း ဒဏ်ရာကနေ ပြန်လာပြီ ဖြစ်ပေမယ့် ကာလရှည် ပွဲဆက် ပြတ်ထားတာကြောင့် ဝင်ဘာလေမှာ အရန်ကသာ ပါဝင်လာခဲ့ပါတယ်။
လက်ရှိ ဥရောပမှာလည်း အင်အား အကောင်းဆုံး ဖြစ်လာနေတဲ့ မန်စီးတီးနဲ့ လီဗာပူးတို့ဟာ တကယ်လို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွေမှာ အနိုင်ယူ ကျော်ဖြတ်လာနိုင်ခဲ့ရင် ဗိုလ်လုပွဲမှာ ထပ်မံ ထိပ်တိုက် တွေ့ဖွယ်လည်း ရှိနေပါတယ်။