လီဗာပူးအသင်းထံက အဆင့် ၁ နေရာ ပြန်ယူအပြီး ဂွာဒီယိုလာရဲ့ သတိပေးမှု ထွက်ပေါ်လာ

နည်းပြ ပက် ဂွါဒီယိုလာကတော့ ပြိုင်ဘက် လီဗာပူးအသင်းဟာ နောက်ကနေ အမီလိုက်နေတာကြောင့် မန်စီးတီး အနေနဲ့ ပြီးပြည့်စွာနဲ့ လက်ကျန်ပွဲစဉ်တွေကို ဖြတ်သန်းဖို့လိုကြောင်း သတိပေးစကား ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးဟာ ကြားရက်ကပွဲမှာ ဘရိုက်တန်ကို မာရက်ဇ်၊ ဖိုဒန်၊ ဘာနာဒို ဆေးလ်ဗား တို့ရဲ့ ဒုတိယဂိုးသွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

ဂွါဒီယိုလာက “၆ပွဲ ကျန်သေးပြီး အဲ့ဒီပွဲတွေအားလုံးနိုင်ရင် ကျွန်တော်တို့ ချန်ပီယံဖြစ်ပါပြီ။ ပွဲတိုင်း မနိုင်ဘူးဆိုရင် လီဗာပူးက ချန်ပီယံ ဖြစ်သွားပါလိမ့်မယ်။ အဲ့ဒါက ရိုးရှင်းပါတယ်။ မနှစ်ကလည်း ကျွန်တော်တို့ ချန်ပီယံဖြစ်ဖို့အတွက် ၁၄ပွဲ ဆက်တိုက် အနိုင်ယူခဲ့ရပါတယ်။ အမှတ်လျော့သွားရင် လီဗာပူးက ချန်ပီယံဖြစ်သွားမှာပါ”

“လီဗာပူးအသင်းက သမိုင်းတစ်လျောက် အကောင်းဆုံး အသင်းတွေထဲက ၁သင်းပါ။ အကောင်းဆုံး အသင်း၁သင်းပါ။ ကစားသမားတွေက အဲ့ဒါကိုသိပါတယ်။ ကျွန်တော်တို့ အိမ်ကွင်းမှာ ခြေစွမ်းကောင်းရဲ့သားနဲ့ မနိုင်လိုက်တာ စိတ်ပျက် စရာပါ။ အခုတော့ ကျွန်တော်တို့ အမှတ်လျော့လို့ရနိုင်တဲ့ အခြေအနေ မရှိတော့ပါဘူး”လို့ ပြောခဲ့ပါတယ်။

ဘရိုက်တန်နဲ့ ပွဲမှာ မန်စီးတီးဟာ ပထမပိုင်း တစ်ပိုင်းလုံး ဂိုးလုံးဝ မသွင်းနိုင်ဘဲ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းမှာမှ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။ နည်းပြ ဂွါဒီယိုလာက အဖွင့်ဂိုးရတဲ့အထိ စိတ်ရှည်ရှည်နဲ့ အားပေးခဲ့ကြတဲ့ စီးတီး ပရိသတ်တွေကိုလည်း ချီးကျုးသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ နောက်ထပ် ဒဏ်ရာပြဿနာတစ်ခုအဖြစ် ဘရိုက်တန်နဲ့ ပွဲမှာ နောက်ခံလူ အကီ ခြေကျင်းနာကာ လူစားလဲခဲ့ရပါတယ်။ ဂျွန်စတုန်းဟာလည်း ကြွက်သားတင်းမှုကြောင့် လူလဲလိုက်ရကာ လာမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ကိုင်လီ ဝေါ်လ်ကာ လွဲချော်ဦးမယ်လို့ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။