ဘယ်သူမှ သတိမထားမိကြတဲ့ မန်စီးတီးရဲ့ ဒီရာသီ အောင်မြင်မှုကို ဂွာဒီယိုလာ ဂုဏ်ယူ
ဘရိုက်တန်ကို အိမ်ကွင်းမှာ ၃-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် လိဂ်ထိပ်ဆုံးနေရာကို ပြန်တက်ခဲ့တဲ့ မန်စီးတီးက ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပါပြီလို့ ဂွာဒီယိုလာက ဆိုပါတယ်။
လက်ကျန်ပွဲ ၆ ပွဲ ကစားဖို့ ကျန်သေးတယ်ဆိုပေမယ့် မန်စီးတီးဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရေး လုံလောက်တဲ့ ရမှတ်ကို စုဆောင်းနိုင်ခဲ့ပါပြီ။ သူတို့အသင်းကို နှစ်တိုင်း ချန်ပီယံလိဂ် ဝင်မယ်လို့ လူတိုင်းက မျှော်လင့်ထားကြပေမယ့် ဒါက မလွယ်ကူတဲ့ ကိစ္စပါလို့ ဂွာဒီယိုလာက ထုတ်ဖော်ခဲ့တယ်။
“ ပရိသတ်တွေက ကျွန်တော်တို့နဲ့ အရမ်း နီးစပ်ခဲ့ကြတယ်လို့ ပြောရမယ်။ တခါတလေ သူတို့က ပိုပြီး တိတ်ဆိတ်နေတတ်ကြပါတယ်။ ဘောလုံးမရှိတဲ့အချိန် ကျွန်တော်တို့ ဘယ်လောက် စိတ်အားထက်သန်ကြလဲ ဆိုတာ သူတို့မြင်တွေ့ခဲ့တယ်။ အသင်းက လှုပ်ရှားသက်ဝင်နေတာကို ပွဲကြည့်စင်က လူတွေက မြင်ကြပါတယ်။
ဒီနေ့က ကလပ်တစ်ခုလုံးအတွက် အရေးပါဆုံး နေ့တစ်နေ့ပဲ။ ဘာလို့လဲဆိုတော့ သင်္ချာနည်းအရဆိုရင် ကျွန်တော်တို့ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လုံးဝ သေချာသွားပြီ။ ဒါက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ။
ကျွန်တော်တို့က စီးတီးဖြစ်နေလို့ သေချာပေါက် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာပဲလို့ လူတွေက တထစ်ချ တွက်ထားကြတယ်။ ဒါပေမယ့် ပြိုင်ဘက် အသင်းတွေကို ကြည့်လိုက်ရင် ကောင်းတဲ့အသင်းတွေ ဘယ်လောက်များတယ်ဆိုတာ တွေ့ရမှာပါ ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။
ဘရိုက်တန်ပွဲမှာ နေသန်အကီဟာ ခြေကျင်းဝတ်လည်သွားလို့ ပွဲချိန်တဝက်မှာ ကွင်းထဲက ထွက်ခွာခဲ့ရတာနဲ့အတူ မန်စီးတီးအသင်းက ဒဏ်ရာပြဿနာတွေကို ထပ်မံ ကြုံတွေ့ခဲ့ရပါတယ်။ ဂျွန်စတုန်းကလည်း ကြွက်သားတင်းမာမှုကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစားလဲခံခဲ့ရပါတယ်။ ဝေါ်ကာက နောက်အပတ် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်ဦးမှာဖြစ်ပါတယ်။
ဘရိုက်တန်ဟာ မနေ့က ရှုံးပွဲမတိုင်ခင် အာဆင်နယ်နဲ့ စပါးတို့ကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပေမယ့် လိဂ်ဦးဆောင်သူ ကလပ်ကို ရင်ဆိုင်ဖို့တော့ သူတို့မှာ ဘောလုံးပိုင်ဆိုင်မှု မလုံလောက်ခဲ့ဘူးလို့ ဂရေဟမ်ပေါ်တာက ဝန်ခံခဲ့ပါတယ်။
“ မန်စီးတီးက သိပ်ကောင်းတဲ့ အသင်းတစ်သင်းပါ။ ဒါကို ကျွန်တော်တို့ သိကြတယ်။ ဒီညမှာ သူတို့ တကယ်ကို ကောင်းကောင်းကစားခဲ့ပါတယ်။ ကျွန်တော်တို့ ပုံစံကောင်း ရှိခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး စိတ်ပျက်ခဲ့ရပါတယ်။
ဒီကို လာပြီး ဘာကိုမဆို ရယူဖို့ ပြီးပြည့်စုံနေမှ ရပါမယ်။ ကျွန်တော်တို့က အဲ့လိုမဟုတ်နေခဲ့ဘူး။ စီးတီးက ထိုက်တန်တဲ့ အနိုင်ရသူတွေပါ။ စနေ၊ တနင်္ဂနွေမှာ အနားပေးထားတဲ့ ကစားသမား အနည်းငယ် မပါရင် ကျွန်တော်တို့ လုပ်နိုင်ခဲ့လောက်ပါတယ် ” လို့ ဂရေဟမ် ပေါ်တာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။