ပိုင်ရှင်သစ် ပြောင်းပြီး ဘဏ္ဍာရေး အခြေခိုင်တာနဲ့ မန်စီးတီး တိုက်စစ်မှုးကို ခေါ်မယ့် အေစီမီလန်

အီတလီစီးရီးအေကလပ် အေစီမီလန်သည် မန်စီးတီးအသင်း၏ အင်္ဂလန်တိုက်စစ်မှူး စတားလင်းကို ခေါ်ယူရန် စိတ်ဝင်စားနေသည်။ အေစီမီလန်အသင်းသည်လည်း ပိုင်ရှင်သစ်က ပေါင် ၁ ဘီလီယံနှင့် ဝယ်ယူရန်ရှိသည်ဟု သတင်းထွက်နေသည်။

ဘာရိန်းအခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုက အေစီမီလန်အသင်းကို ဝယ်ယူရန် ဆွေးနွေးမှုများ ရှိနေကြောင်း အီတလီအခြေစိုက် မီဒီယာများက ဖော်ပြသည်။

အဆိုပါ အရောင်းအဝယ် အောင်မြင်ပါက အေစီမီလန်အသင်းသည် အရှေ့အလယ်ပိုင်းမှပိုင်ရှင် ပိုင်ဆိုင်သည့် ပထမဆုံး စီးရီးအေ ကလပ်အသင်း ဖြစ်လာမည်ဖြစ်သည်။

ပိုင်ရှင်သစ် ပြောင်းပြီးလျှင် အေစီမီလန်က မန်စီးတီး တိုက်စစ်မှုး စတားလင်း ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသည်ဟု မေရာသတင်းစာက ဖော်ပြခြင်း ဖြစ်သည်။ အသက် ၂၇ နှစ်အရွယ်ရှိ စတားလင်းသည် မန်စီးတီးနှင့် စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လ အတွင်းသို့ ချဉ်းနင်းဝင်ရောက် နေပြီ ဖြစ်ပါတယ်။

အေစီမီလန်သည် အသင်း၏ ပရောဂျက်အသစ်တွင် စတားလင်းကို အဓိကအသုံးချမည်ဟု မက်လုံးပေးကာ စည်းရုံးလိမ့်မည်ဟု သတင်းများက ဆက်လက်ဖော်ပြသည်။ စတားလင်းသည် ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ ဆွေးနွေးမှုကို လာမည့်နွေရာသီအထိ အချိန်ဆွဲထားသည်။

စတားလင်းက လက်ရှိအချိန်တွင် မန်စီးတီးအတွက် ဆုဖလားများ ဆွတ်ခူးနိုင်ရေးကို အဓိက အာရုံစိုက်ထားပြီး နွေရာသီတွင် ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာကို ဆုံးဖြတ်ဖွယ်ရှိသည်။ စတားလင်းသည် မန်စီးတီးတွင် ပုံမှန်နေရာမရ ဖြစ်နေပြီး အသင်းတွင် စာချုပ်သက်တမ်းတိုးရေးအား နောက်ဆုတ်ထားခြင်း ဖြစ်သည်။

စတားလင်းသည် အသင်းသစ်သို့ ပြောင်းရွှေ့မည်ဟုလည်း သတင်းများ ထွက်နေသည်။ လက်ရှိ ဘောလုံးရာသီတွင် စတားလင်းသည် မန်စီးတီးအတွက် ပွဲ ၄၀ ကစား ၁၄ ဂိုးသွင်းပြီး ၇ ဂိုး ဖန်တီးထားသည်။

မန်စီးတီးသို့ ဟာလန်းရောက်ရှိလာပါက စတားလင်း၏ ပွဲကစားခွင့်မှာ အကန့်အသတ် ပိုများ လာနိုင်သည်။ အေစီမီလန်သည် စတားလင်း၏ အခြေအနေကို စောင့်ကြည့်နေပြီး အခွင့်အရေးရသည်နှင့် ၎င်းကို ကမ်းလှမ်းသွားမည် ဖြစ်သည်။

စတားလင်းသည် နည်းပြချုပ် ပီအိုလီ၏ ၄-၂-၃-၁ စနစ်တွင် ရှေ့တန်း မည်သည့်နေရာတွင်မဆို ကစားနိုင်သူဖြစ်သည်။

စတားလင်းသည် တိုက်စစ်မြားဦး၊ နောက်ချန် တိုက်စစ်မှူးနှင့် တောင်ပံတိုက်စစ်နေရာများတွင် ကစားနိုင်တဲ့ အပြင် နိုင်ငံတကာ အတွေ့အကြုံ ရင့်ကျက်သောကြောင့်လည်း အေစီမီလန်နည်းပြချုပ်က ၎င်းကို ခေါ်ယူလိုခြင်း ဖြစ်သည်။