ဝက်ဖိုဒ့်ကို ကိုယ်တိုင် ၄ ဂိုးသွင်း ၁ ဂိုး ဖန်တီးပေးပြီးနောက် ဘယ်သူ့နေ့လဲ ကြုံးဝါးလိုက်တဲ့ ဂျီးဆု

ပရီးမီးယားလိဂ် ဦးဆောင်ခွင့် ပြတ်သားရေးမှာ အရေးပါတဲ့ ဝက်ဖို့ဒ်ပွဲကို ဂွာဒီယိုလာက လူစုံထုတ်မှုနဲ့အတူ ပွဲအပြီးမှာတော့ မန်စီးတီးက ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ကြားရက်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ရှိပေမယ့် ဒီပွဲနိုင်ရေးက စီးတီးအတွက် အရေးပါခဲ့တယ်။ ဝက်ဖို့ဒ်ကလည်း တန်းဆင်းဇုန်ကလွတ်ဖို့ ကြိုးစားခဲ့ပေမယ့် တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆုရဲ့ တောက်ပမှုကြောင့်ပဲ ဝက်ဖိုဒ့်ရဲ့ ကြိုးစားမှုတွေ အရာမထင်ခဲ့ဘဲ မန်စီးတီးကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဇင်ချန်ကို ခင်းပေးတာကို ဂျီးဆု ပိတ်သွင်းတာကနေ မန်စီးတီးတို့ စောစောစီးစီး ဂိုးရခဲ့ပြီး ၂၂ မိနစ်မှာ ဒီဘရိုင်း ဖြတ်တင်ပေးတာကို ဂျီးဆုကပဲ အနီးကပ် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ရိုဒရီဂိုးအတွက် ဂျီးဆုက ဖန်တီးပေးခဲ့သလို သူကပဲ ဒုတိယပိုင်းမှာ နောက်ထပ် သွင်းဂိုး ၂ ဂိုး သွင်းယူကာ ဒီပွဲမှာ ၄ ဂိုးသွင်း ၁ ကြိမ် ဖန်တီးမှု လုပ်ပေးခဲ့တာဖြစ်တယ်။

” ဒီနေ့က ကျနော်ရဲ့ နေ့လေးပါပဲ။ ဒီနေ့ ကျနော်တို့ ကစားခဲ့တာ သိပ်ကောင်းတယ်။ အခွင့်အရေး ဖန်တီးမှုတွေ အများကြီး လုပ်နိုင်ခဲ့သလို ကစားလိုတဲ့အတိုင်း ကစားနိုင်ခဲ့တယ်။ ကျနော်တို့ ဘောလုံးတွေ ပေးပြီးရင်း ပေးခဲ့ကာ အခွင့်အရေး ဖန်တီးပြီး သွင်းဂိုးအတွက် ကြိုးစားခဲ့နိုင်တယ်။ ဒီနေမှာ အဆုံးသတ်ပိုင်းတွေအတွင်း ကျနော်တို့ သိပ်ကောင်းပါတယ်။

ဒါက ပရီးမီးယားလိဂ်မှာ ကျနော်ရဲ့ ပထမဆုံး hat-trick ဖြစ်ပါတယ်။ ကျနော် ကြိုးစားခဲ့ပါတယ်။ တခါတလေ နှစ်ဂိုးလောက် သွင်းပြီးရင် တိုင်ထိတာ၊ ခံစစ်သမားက ပိတ်ကာတာ ဂိုးသမားက ကာကွယ်တာတွေ ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့ကတော့ ကျနော်ရဲ့ နေ့လေးပါပဲ။

၃ မှတ်ရတာအတွက် ပျော်ပါတယ်။ အသင်း ကစားတာ သိပ်ကောင်းပြီး ကျနော်တို့နဲ့ ထိုက်တန်တဲ့ ရလဒ်ပါပဲ ” လို့ ဂျီးဆုက ပွဲအပြီးမှာ ပြောဆိုခဲ့တာဖြစ်တယ်။

မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားဆဲဖြစ်တယ်။ မနက်ဖြန် လီဗာပူးနဲ့ အဲဗာတန်ပွဲမှာ လီဗာပူးတို့ ခြေချော်ခဲ့ရင် မန်စီးတီးအတွက် အခုနိုင်ပွဲက ပိုပိုပြီးတော့ကို တန်ဖိုးကြီးသွားမှာ ဖြစ်ပါတယ်။