ပရီးမီးယားလိဂ် ထိပ်တန်း ကစားသမားကို ခေါ်ယူရေး အပြိုင် ဆွယ်ကြမယ့် မန်စီးတီးနဲ့ မန်ယူ

မန်စီးတီးဟာ ဒီနွေမှာတော့ ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒက်ကလန် ရိုတ်စ်ကို ခေါ်ယူဖို့ ယူနိုင်တက် နဲ့ အပြိုင် ကြိုးစားဖို့ ပြင်ဆင်နေပြီလို့ Daily Mail သတင်းက အခိုင်အမာ ဖော်ပြလိုက်ပါတယ်။

မန်ချက်စတာ မြို့ခံ နှစ်သင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလတွေ တုန်းကလဲ အာဆင်နယ် က ဆန်းချက် ၊ ယူဗင်တပ် က ရိုနာဒို တို့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ကြဖူးပါတယ်။

မန်စီးတီး ဟာ ဒေါ့မွန် အသင်းရဲ့ တိုက်စစ်မှုး ဟာလန် ကို ခေါ်ယူဖို့ စာချုပ် ဖျက်သိမ်းကြေး ပေါင် 63 သန်း ပေးချေဖို့ သဘောတူထားပြီးဖြစ်ကာ နောက်ထပ် ပြောင်းရွှေ့ကြေး မြင့်မားတဲ့ ကစားသမား တစ်ယောက် ကို ထပ်မံ ပစ်မှတ်ထားလာနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီရာသီ အကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် ဖာနန်ဒင်ဟို ရဲ့ နေရာကို အစားထိုးဖို့ အင်္ဂလန် ကွင်းလယ်လူ ရိုတ်စ် ကို မျက်စိကျနေတာပါ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလ တုန်းက အက်စ်တွန် ဗီလာ အသင်းခေါင်းဆောင် ဂရေးလစ်ချ် ကို ပေါင် သန်း 100 ပေးပြီးခေါ်ယူခဲ့သည့်တိုင်အောင် ၊ ဖာရန် တောရက် ၊ ဂျက် ဟာရစ်ဆင် ၊ အန်ဂျလီနို တို့ကို ဈေးကောင်းကောင်း နဲ့ ပြန်လည် ရောင်းချနိုင်ခဲ့တာ ဖြစ်လို့ ၊ သူတို့ရဲ့ အသားတင် သုံးစွဲငွေ က ပေါင် 37 သန်း ဝန်းကျင်သာ ရှိခဲ့ပါတယ်။

ဒါကြောင့် ဒီရာသီ အကုန်မှာ ငွေကြေး ထပ်မံ သုံးစွဲဖို့ အတွက် ဘဏ္ဍာရေး အခြေအနေက တောင့်တင်းနေဆဲ ဖြစ်ပြီး ၊ ဝက်စ်ဟမ်း က တောင်းဆိုတဲ့ ပမာဏမျိုး နဲ့ ညှိယူလို့ ရနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ တစ်ဖက် မှာ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ အားယူနေတဲ့ ယူနိုက်တက် အနေနဲ့လဲ ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်သွားမယ် ဆိုပါက သူတို့ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုမှာ ကန့်သတ်ချက် တစ်ချို့ ရှိလာနိုင်ပါတယ်။

ဒါ့အပြင် ယူနိုက်တက် လို ပြုပြင် ပြောင်းလဲရေး စတင်လုပ်ဆောင်မယ့် အသင်းမျိုးထက် ၊ ဆုဖလားတွေ ကို ဆွတ်ခူးဖို့ ရာခိုင်နှုန်း ပိုများနေတဲ့ ပက် ဂွာဒီယိုလာ ရဲ့ အသင်းက ပိုပြီး ဆွဲဆောင်မှု ရှိနေပြန်ပါတယ်။

သတင်းတွေ အရတော့ မန်စီးတီး ဟာ ဒက်ကလန် ရိုတ်စ် ရဲ့ ကိုယ်စားလှယ်တွေ ဆက်သွယ်ထားပြီးပြီ လို့ သိရပြီး ၊ ဘယ်လို ပုံစံမျိုး နဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်မလဲ ဆိုတဲ့ အပေါ် လေ့လာလျှက် ရှိနေပါတယ်။

ရိုက်စ် ကို ခေါ်ယူဖို့ အတွက် အဓိက အခက်ခဲကြီး တစ်ခု ဖြစ်လာနိုင်တာ က ဝက်စ်ဟမ်း က သတ်မှတ်လာမယ့် ပြောင်းရွှေ့ကြေး ပမာဏပါ။ သို့သော် လက်ရှိမှာတော့ ရိုက်စ်ဟာ ဝက်စ်ဟမ်းက ကမ်းလှမ်းလာတဲ့ စာချုပ်သစ်တွေ ကို အကြိမ်တိုင်း နီးပါး ပယ်ချထားပါတယ်။

ဝက်စ်ဟမ်း ဟာ ယူရို ပါလိဂ် လမ်းကြောင်း ကနေ တဆင့် ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာစာ ဆုပ်ကိုင်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ အဲဒီလို လုပ်ပြနိုင်ခဲ့ရင် ရိုတ်စ် ကိုလဲ အနည်းဆုံး တစ်ရာသီတော့ ထိန်းထားနိုင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

လက်ရှိမှာ သူတို့ အသင်းဟာ ယူရိုပါလိဂ် အကြို ဗိုလ်လုပွဲကို ရောက်ရှိနေပြီ ဖြစ်ပြီး ၊ ဒီတစ်ပတ်ထဲမှာပဲ ဂျာမန် ကလပ် ဖရန့်ဖတ် အသင်းနဲ့ ရင်ဆိုင် ကစားသွားမှာ ဖြစ်ပါတယ်။