အပြောင်းအရွှေ့ သတင်းတွေ ကျယ်လောင်လာတဲ့ အပေါ် တုန့်ပြန်လာတဲ့ ဂါဘရီရယ် ဂျေဆု
မန်စီးတီးအသင်းရဲ့တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုကတော့ လက်ရှိမှာ သူနဲ့ အာဆင်နယ်အသင်းကြားမှာ ပေါ်ထွက်နေတဲ့ အပြောင်းအရွှေ့သတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး သူ့အနေနဲ့ လက်ရှိမှာ မန်စီးတီးအသင်းအတွက်ပဲ အာရုံစိုက် ထားတယ်လို့ သတင်းတွေကို တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိမှာ အသက် ၂၅ နှစ်ရှိနေပြီဖြစ်တဲ့ ဂျေဆုဟာ ဒီနှစ်ရာသီမှာတော့ မန်စီးတီးအသင်းမှာ ပွဲထွက်ခွင့် နည်းနေပြီး အနာဂတ်က မရေမရာဖြစ်နေသူပါ။
အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ အသင်းတိုက်စစ်မှူး အူဘာမီယန်းကို ထွက်ခွါခွင့်ပေးခဲ့သလို ရာသီအကုန်မှာလည်း အန်ကတ်တီးယားနဲ့ လာကာဇက်က မသေချာတဲ့အတွက် တိုက်စစ်မှူးတစ်ဦးရှာဖွေနေတာဖြစ်ပြီး လက်ရှိမှာတော့ မန်စီးတီးတိုက်စစ်မှူး ဂျေဆု၊ ရိုးမားတိုက်စစ်မှူး အေဗရာဟမ်တို့နဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။
ပြီးခဲ့တဲ့ ဝက်ဖိုဒ့်နဲ့ပွဲစဉ်မှာ တစ်ဦးတည်း ၄ ဂိုးသွင်းပြီး အကောင်းဆုံးခြေစွမ်းပြသခဲ့တဲ့ တိုက်စစ်မှုး ဂျေဆု ကတော့ အပြောင်းအရွှေ့ သတင်းတွေကို အခုလိုပဲ တုံ့ပြန်သွားခဲ့ပါတယ်။
“အခုချိန်မှာတော့ အပြောင်းအရွှေ့တွေအကြောင်းကို ကျွန်တော် မစဉ်းစားသေးပါဘူး ။ လူတွေက ကျွန်တော့်ကို တစ်ခုခုပြောစေချင်မှာသိပေမယ့် အခုက အချိန်အခါကောင်းမဟုတ်သေးပါဘူး။ အခုက ရာသီရဲ့အကောင်းဆုံးအချိန်ပါ။
ကျွန်တော်လည်း ၄ ဂိုးသွင်းနိုင်ပြီး ဒီအချိန်လေးကို ကျွန်တော်ခံစားချင်ပါတယ်။ ပြီးတော့ ပရီးမီးယားလိဂ်ဖလားကိုရရှိဖို့ အသင်းဖော်တွေနဲ့အတူတူ တိုက်ပွဲဝင်သွားမှာပါ။ ဒီဖလားကို ကျွန်တော်လိုချင်ပါတယ်။ ဒါ့အပြင် အင်္ဂါနေ့မှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရှိပါတယ်။ ခက်ခဲတဲ့ပွဲစဉ်ပါ။ ဒီပွဲကို ကျွန်တော် အာရုံစိုက်ထားပါတယ်” လို့ ဂျေဆု က ပြောဆို သွားခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း ခိုင်မာတဲ့သတင်းတွေအရ အာဆင်နယ်အသင်းရဲ့နည်းစနစ်ဒါရိုက်တာ အီဒူးနဲ့ ဂျေဆု ရဲ့ တာဝန်ရှိသူတွေကြားမှာ ဆွေးနွေးမှုက ရှိနေတယ်လို့ သိရပါတယ်။